◼ ၂ ရက်အတွင်း အဆိုပါစစ်ကြောင်းမှ ဘက်ပြောင်းလာသူ ၄ ဦးထိရှိလာ
မကွေး၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ကကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင် စစ်ကြောင်းထဲက စစ်ကော်မရှင်တပ်သား ၁ ဦး ဘက်ပြောင်းလာတယ်လို့ အညာမြေတပ်ပေါင်းစု (မြိုင်) ဆီကသိရပါတယ်။
နိုဝင်ဘာ ၂၃ ရက် မနေ့ကညနေပိုင်းမှာ အသက် ၂၆ နှစ်အရွယ်တပ်သား ပြည့်စုံဟိန်းဟာ လက်နက်ခဲယမ်းတွေကိုယူပြီး စစ်ကြောင်းကနေခွဲထွက် ပုန်းနေခဲ့ပြီး စစ်ကြောင်းအဝေးကိုရောက်ခါမှ တော်လှန်ရေးတပ်တွေဆီကို ဘက်ပြောင်းသွားခဲ့တာလို့ ဆိုပါတယ်။
“ဒီစစ်ကြောင်းက တကြောင်းတည်း ကျနော်တို့ဆီမှာအလင်းဝင်လာတဲ့ ပြည်စုံဟိန်း က ဒီမှာ ကျန်နေခဲ့တာ။ ချက်ချင်းကျနော်တို့ဆီကို ဝင်မလာသေးဘူး။ သူလဲကြောက်တာတွေရော လန့်တာတွေရော ပါမှာပေါ့လေ။ ခွဲထွက်ပြီးကျန်နေခဲ့ပြီးမှ အခုလိုမျိုးအချိန်မှဝင်တာ”လို့ ကိုဘိုဘိုသန့်ဇင်က ဆိုပါတယ်။
တပ်သား ပြည်စုံဟိန်းဟာ မနေ့ကမနက်ပိုင်းမှာ MA 1 ၁ လက်၊ 5.56 ကျည် ၄၂၀ တောင့်၊ ၄၀ မမ ၆ လုံး၊ MA 1 ကျည်ဘောက် ၇ ဘောက်၊ အီနာဂါ ၂ လုံးနဲ့ လက်ပစ်ဗုံး ၂ လုံး ကိုယူဆောင်ခဲ့ပြီးနောက် ညနေပိုင်းမှာ ဘက်ပြောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။
ကျောက်ဆည်ဘက်မှာ စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် ပေါ်တာဆွဲဖမ်းဆီးခံရတာဖြစ်ပြီး စစ်သင်တန်းဆင်းပြီးနောက် ခလရ ၄၁၈ ကိုရောက်ရှိကာ အဲ့ဒီကတဆင့် စစ်ကြောင်းထဲကို လိုက်ပါခဲ့ရတာလို့ ဆိုပါတယ်။
လက်ရှိမှာ တပ်သားပြည့်စုံဟိန်းကို အညာမြေတပ်ပေါင်းစုက ဥပဒေနဲ့အညီ ထိန်းသိမ်း စောင့်ရှောက်ထားပြီး ရိုက်နှက်စစ်ဆေးတာတွေမလုပ်ဘူးလို့ ဆိုပါတယ်။
“ရိုက်နှက်စစ်ဆေးတာမျိုးတွေတောင်မလုပ်ဘူး။ သူပြောတဲ့အတိုင်းပဲ ကောင်းကောင်းမွန်မွန်နဲ့ အလင်းဝင်လာတယ်။ ပစ္စည်းတွေပါ ယူခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ပြန်ပြီးတော့ လုံခြုံမှုနဲ့ စောင့်ရှောက်မှု ဥပဒေအရကာကွယ်ပေးထားပါတယ်။ ဆေးဝါးစောင့်ရှောက်မှုက စလို့ပေးထားပါတယ်။”လို့ပြောပါတယ်။
တပ်သားပြည့်စုံဟိန်းအပါအဝင် အထက်ပါစစ်ကြောင်းကနေ ဘက်ပြောင်းလာတဲ့တပ်သား စုစုပေါင်း ၄ ဦးရှိပြီး နောက်ထပ်ဘက်ပြောင်းလာသူတွေလည်းရှိနေတယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
“အခုထိကျနော်တို့အတည်ပြုနိုင်တာတော့ ၄ ယောက်ပေါ့နော်။ အတည်မပြုနိုင်သေးတဲ့သူတွေလည်း ရှိတယ်။ အဖွဲ့တွေကလည်းများတော့ တချို့အဖွဲ့တွေဆီရောက်သွားတဲ့သူတွေ အမျိုးမျိုးရှိတယ်” လို့ ပြောပါတယ်။
အလားတူ နို၀င်ဘာ ၂၂ ရက် မနက် ၉ နာရီ၀န်းကျင်မှာလည်း အဆိုပါစစ်ကြောင်းမှာပါဝင်လာတဲ့ ခလရ ၄၁၈ မှ တပ်သား သန့်ဇင်၊ တပ်သားတင်ထွန်းနဲ့ ခလရ ၄၁၉ မှ တပ်သား အောင်မိုးတို့ဟာ MA 1 ၃ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည် ၈၇ တောင့်တို့ကိုယူပြီး မြိုင်ပကဖဆီကို ဘက်ပြောင်းလာခဲ့ကြတယ်လို့လဲ သိရပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေဘက်ကလည်း မနေ့က နေ့လယ်ပိုင်းမှာ ပျက်ကျသွားတဲ့ ပါရာမော်တာကို လိုက်ရှာဖို့ မြိုင်မြို့နယ်၊ တဲကြီးရွာကထွက်လာတဲ့ အဲ့ဒီစစ်ကြောင်းကို ပေါက်မြို့နယ်၊ နသတ်ရွာကိုလာချိန် လမ်းခုလတ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပါသေးတယ်။
ဒီကနေ့ ညနေပိုင်းအထိ စစ်ကော်မရှင်တပ်တွေက တဲကြီးရွာမှာရှိနေတာကြောင့် မြိုင်နဲ့ ပေါက်မြို့နယ် အစပ်ရှိ တဲကြီး၊ နသတ်၊ ကံသတ်၊ ကမ္ဘားဖြူ၊ ကျောက်ခွက်ရွာကဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စာတည်း – လင်း