မုံရွာ၊ နိုဝင်ဘာ ၁၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုံ၊ ထန်းတောရပ်ကွက်၊ ကန်ပတ်လမ်းနေ လူငယ် ၁ ဦးကို PDF လို့ ဆိုကာ နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွားတယ်လို့ အဆိုပါရပ်ကွက်အတွင်းနေထိုင်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူဟာ အသက် ၁၉ နှစ်အရွယ် ကိုပြည့်စုံဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်မနက် ၂ နာရီခန့်မှ စစ်ကော်မရှင်နဲ့ရဲအင်အား ၂၀ ခန့်နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
“နာမည်အတိအကျနဲ့ မနေ့ညက အိမ်ထောင်စု သန်းခေါင်စာရင်းဝင်စစ်တာ။ အတိအကျနဲ့ အဲ့ အိမ်တအိမ်ထဲကို ခြေလျင်လာခဲ့ပြီးမှဖမ်းခေါ်သွားတာ။ အိမ်ထဲထိဝင်ရှာတာ။ အိမ်ရှင်တွေလည်းမနိုးဘူး သူတို့ဟာသူတို့ တံခါးတွေဖွင့် အိမ်ပတ်ပတ်လည်ဝိုင်းထားပြီး ဖမ်းသွားတာ”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူလူငယ်မှာ အိမ်ထောင်ရှိပြီး သံပန်းသံခါးလုပ်ငန်းမှာလုပ်ကိုင်နေသူဖြစ်ကာ PDF တွေနဲ့ပတ်သက်မှုရှိ၊ မရှိတော့မသိရဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကိုပြည့်စုံကို စစ်ကော်မရှင်အဖွဲ့တွေက စက်မှုဇုံရှိ ရွာထောင်တောရကျောင်းမှာ ဖမ်းဆီးထားပြီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွာထောင်တောရကျောင်းထဲမှာ ကိုပြည့်စုံအပြင် စစ်မှုထမ်းအပါအဝင် နည်းပေါင်းစုံနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၃၀ ကျော်လောက်ရှိနေတယ်လို့လည်း သိရကြောင်း အထက်ပါရပ်ကွက်နေသူက ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ စစ်ကော်မရှင်အဖွဲ့တွေက နေ့စဉ်ညနေပိုင်းတွေမှာ စစ်ကား၊ အိမ်စီးကားတွေနဲ့ ကင်းပတ်ပြီး အလုပ်ပြန်တဲ့သူတွေကိုဖမ်းဆီးမှုတွေပြုလျှက်ရှိနေတယ်လို့လည်း သိရပါတယ်။
၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ နိုဝင်ဘာ ၁၇ ရက်အထိ စစ်ကော်မရှင်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဖမ်းဆီးခံရတဲ့ဒေသခံပြည်သူ စုစုပေါင်း ၂၉,၉၇၇ ဦးရှိခဲ့ပြီး အဲ့ဒီထဲက ၂၂,၆၅၈ ဦးကထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့စာရင်းအရ သိရပါတယ်။
စာတည်း – လင်း