ဗန်းမောက်တိုက်ပွဲအတွင်း SNA ပူးပေါင်းတပ်တွေရဲ့ ဒရုန်း ၄ စီးကို‌ PDF သိမ်းဆည်း

0 17
0 17

မြေလတ်အသံ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၅။

အမျိုးသားညီညွှတ်ရေးအစိုးရ – NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ အနီးတိုက်ပွဲမှာ ရှမ်းနီအမျိုးသားတပ်မတော် – SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေအသုံးပြုတဲ့ ဒရုန်း ၃ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဗန်းမောက်မြို့နယ်ပကဖ က နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

မြို့နဲ့ ၃ မိုင်ခန့်ကွာဝေးတဲ့ ခမိုးကျေးရွာအနီးဝန်းကျင်မှာ SNA၊ စစ်ကော်မရှင်ပူးပေါင်းတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နိုဝင်ဘာ ၁၅ ရက်မနက် ၁၁ နာရီကျော်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ အထက်ပါဒရုန်းတွေကို ရရှိခဲ့တာလို့ ဆိုပါတယ်။

“နေ့တိုင်းဖြစ်နေတာပါ တိုက်ပွဲကတော့။ သူတို့က မြို့ကိုပြန်ပြီး သိမ်းပိုက်နိုင်ဖို့အတွက်ကို ထိုးစစ်ဆင်နေတာ။ မနေ့က တိုက်ပွဲကတော့ သိပ်မကြာပါဘူး။ သူတို့ဖက်က ဒရုန်းတွေနဲ့ တိုက်ခိုက်တယ်။ လေယာဥ်နဲ့ပါကြဲတယ်”လို့ ဗန်းမောက်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါသိမ်းဆည်းရရှိခဲ့တဲ့ အသေခံဒရုန်း ၃ စီးဟာ မနေ့ကဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်းမှာ ဂျန်မာ(Jammer)မိပြီး ပြုတ်ကျခဲ့တာကြောင့် သိမ်းဆည်းရရှိခဲ့တာလို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။

အဆိုပါ အသေခံဒရုန်းအမျိုးအစား ၃ စီးဟာ လက်ရှိကာလတန်ဖိုးအရ ကျပ်သိန်း ၃၀ ကနေ ၅၀ ကြားရှိပြီး တိုက်ပွဲတွေမှာ ပြန်ပြီးအသုံးပြုလို့ရသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်တိုက်ပွဲအတွင်းမှာလည်း စစ်ကော်မရှင်ဘက်က အကြီးစားဒရုန်း ၁ ခုကိုပစ်ချသိမ်းဆည်းခဲ့ပြီး တောင်ပံ ၃ ချောင်းကျိုးကျခဲ့ပေမယ့် တောင်ပံတွေကိုပြန်တပ်ဆင်ကာ အသုံးပြုလို့ရတယ်လို့ ‌‌နောက်ထပ်ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးကဆိုပါတယ်။

“ဟိုးတနေ့ကတော့ ၁ စီးပစ်ချတယ်ပြောတယ်။ ဒီအပတ် Wed (ဗုဒ္ဓဟူး)တုန်းက ၁ စီးရထားတယ်။ ဘာနဲ့ပစ်ချလဲတော့ မသိဘူး” လို့ နောက်ထပ်တပ်ဖွဲ့ဝင်က ပြောပါတယ်။

အဆိုပါဒရုန်းဟာ ကာလတန်ဖိုး ကျပ်သိန်း ၄၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က Y 12 ၁ စီးနဲ့ ဗုံးအလုံးရေ ၆၀ ခန့်ကြဲချခဲ့သလို ညနေ ၆ နာရီကျော် တိုက်ပွဲပြီးချိန်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာအနီးဝန်းကျင်ကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့တယ်လို့လည်း သူကဆိုပါတယ်။

SNAနဲ့ စစ်ကော်မရှင်တပ်တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် – KIAနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ ရက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။