မြေလတ်အသံ၊ နိုဝင်ဘာ ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နဲ့ ဝက်လက်မြို့နယ်တို့မှာ စစ်ရေးအခြေအနေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူ ၂၆,၀၀၀ ခန့်ဟာ စားနပ်ရိက္ခာနဲ့အနွေးထည်တွေ လိုအပ်နေကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
ဗန်းမောက်မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲအတွင်းတိမ်းရှောင်နေကြသူတွေနဲ့ မြို့သိမ်းတိုက်ပွဲမဖြစ်မီကတည်းက တိမ်းရှောင်နေကြရတဲ့ စုစုပေါင်းလူဦးရေ ၆,၀၀၀ ခန့်တို့ဟာ စားနပ်ရိက္ခာအပြင် အနွေးအထည်တွေ အရေးပေါ်လိုအပ်လျှက်ရှိနေတယ်လို့ ဆိုပါတယ်။



“အရေးတကြီးလိုအပ်တာက အခုဆောင်းဝင်လာပြီဖြစ်တဲ့အတွက် အဝတ်အစားတို့ အနွေးအထည်တွေတို့ လိုအပ်နေပါတယ်။ စားဝတ်နေရေးပြေလည်ဖို့ကတော့ ပြင်ပ အဖွဲ့အစည်းတချို့ကလာကူညီတာရှိတယ်။ ဒေသတွင်းမှာရှိတဲ့ လူမူအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေကနေပြီးတော့ ကူညီတာမျိုးတွေလည်းရှိတဲ့အတွက် လတ်တလော စားဝတ်နေရေးကြတော့ပြေလည်တယ်။ အဓိကမပြေလည်မှာက အင်္ကျီအဝတ်အစားတို့ စောင်တို့ပေါ့”လို့ ကူညီပေးနေသူ အမျိုးသားတဦးကပြောပါတယ်။
အဆိုပါစစ်ရှောင်တွေအနေနဲ့ စစ်ဘေးနဲ့လွတ်ကင်းတဲ့ကျေးရွာတွေရဲ့ ဇရပ်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ တောတွေထဲမှာ တဲထိုးပြီး ဖြစ်သလိုခိုလှုံနေကြရတာကြောင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဓာတ်ဆား၊ ဆေး၊ အိပ်ယာခင်းတွေလည်း လိုအပ်နေကြတယ်လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။



အထက်ပါစစ်ရှောင် ၆,၀၀၀ ခန့်ဟာ ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခု၊ မြို့နဲ့ ၁၀ မိုင်ခန့်ကွာဝေးတဲ့ ကျေးရွာ ၂၅ ရွာက ဒေသခံပြည်သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။
အလားတူ ဝက်လက်မြို့နယ်ကကျေးရွာတွေကို စစ်ကော်မရှင်တပ်က စစ်အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့နေတာကြောင့် ကျေးရွာ ၂၁ ရွာ မှ လူဦးရေ ၂၀,၀၀၀ နီးပါလာနေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ကူညီပေးနေသူတွေက ဆိုပါတယ်။


“ပြည်သူတွေက ဘေးကင်းတဲ့နေရာလေးတွေမှာ တဲလေးတွေထိုးနေတာမျိုး တချို့က ဘုန်းကြီးကျောင်းတွေမှာ စုပြီးနေနေရတယ်ဗျ။ ဆန်၊ ဆီတို့လို စားနပ်ရိက္ခာတွေအပြင် ဆောင်းရာသီ၀င်ပြီဆိုတော့ အမိုးအကာနဲ့ အနွေးအထည်တွေလည်း လိုအပ်လျက်ရှိနေပါတယ်ဗျ။ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေပါတယ်ခင်ဗျာ”လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါအင်အား ၃၀၀ ကျော်ပါစစ်ကြောင်း ၃ ကြောင်းဟာ ဖြန့်ခွဲပြီး နိုဝင်ဘာ ၄ ရက်ကစတင်ကာ ဝက်လက်မြို့နယ်ရှိ ရွာသာကြီး၊ တံတားဦး၊ ထုံးဘို၊ မတာကုန်း၊ ရွာတော်တုန်း၊ မူးကြီး၊ စိုင်နိုင်လေးစတဲ့ ကျေးရွာကိုဝင်ရောက်ပြီး လူနေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသလို နိုဝင်ဘာ ၁၀ ရက်ဒီကနေ့မှာတော့ လှတောကျေးရွာကို ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းကြောင့် ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ နှမ်းကြီးကုန်း၊ ရွှေဒါး၊ ရင်းမတော၊ ကက္ကိုလ်စု၊ ငှက်ပြောတော၊ တကောင်းတောင်၊ ကဒူး၊ ဥတည်ကုန်း၊ အုတ်ဖိုကုန်း၊ ကျီးကန် တောင်ရွာ၊ မြောက်ရွာ၊ တမာကုန်း၊ ရွာတော်ကုန်း၊ လှတော၊ လှည်းဦးကြီးကုန်းစတဲ့ ကျေးရွာတွေက ဒေသခံတွေတိမ်းရှောင်နေကြရတာပါ။
ပုံစာ – ဝက်လက်မြို့နယ်မှာ စစ်ဘေးရှောင်များ။
စာတည်း – လင်း