ညောင်လေးပင်၊ နိုဝင်ဘာ ၉၊ ၂၀၂၅ ။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပင်စီကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ၎င်းရဲ့တပည့်ဖြစ်သူတို့ တရက်တည်း အသတ်ခံခဲ့ရတယ်လို့ 9 star UG အဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။
အသက် ၄၅ နှစ်ခန့်ရှိ ဒေသတွင်းပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်တဲ့ ပင်စီရွာအုပ်ချုပ်ရေးမှူး မင်းမင်းဦးကို နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီခန့်မှာ ဒိုက်ဦးမြို့၊ ဒရယ်နီမီးပွိုင့်အနီးကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်နေစဥ် သေနတ်နဲ့အနီးကပ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ မင်းမင်းဦးရဲ့ တပည့်ဖြစ်သူ ပျူစောထီးအဖွဲ့ဝင် မိုးကြိုး ငမျိုးကို သူနေထိုင်ရာ စီပင်ကျေးရွာရှိ ဝိသမန်းအင်းအနီးမှာ ထပ်မံပစ်ခတ်ခဲ့တာလို့ 9 star UG အဖွဲ့ခေါင်းဆောင် မြွေပွေးက မြေလတ်အသံကို ပြောပါတယ်။

“မင်းမင်းဦးကိုက ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေချိန်ဝင်ရှင်းခဲ့တာ။ ကျော ၃ ချက် ခေါင်း ၂ ချက်ပစ်ခဲ့တာ။ ငမျိုးကျတော့ သူလုပ်နေတဲ့ အင်းထဲက ခေါ်သွားပြီး တနေရာမှာစစ်တာ။ လက်နက်ရှိတယ်ဆိုတော့ စစ်ဖို့လုပ်နေတာ။ အချိန်မရလိုက်သလို ကလေးတပ်ဖွဲ့ဝင်တွေနဲ့လည်း ရုန်းရင်းဆန်ခတ်ဖြစ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ သူက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ၂ ဦးစလုံးအခင်းဖြစ်နေရာတွေမှာပဲ သေဆုံးသွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့တွေက ၎င်းတို့ ရုပ်အလောင်းလာရောက်စစ်ဆေးကာ ကောက်ယူသွားတယ်လို့ သိရပါတယ်။
မင်းမင်းဦးဟာ ညောင်လေးပင်အခြေစိုက် ခမရ ၂၀ တပ်ရင်း(စိစစ်ရန်) က ဗိုလ်မှူးနေလင်းနဲ့ ပူးပေါင်းပြီး စစ်မှုထမ်းအဖြစ်လူငယ်တွေကို ဖမ်းဆီးငွေညစ်တာ၊ ပြည်သူလူထုကို နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးသူဖြစ်သလို တပည့်ဖြစ်သူ ငမျိုးမှာလည်း မင်းမင်းဦးရဲ့ ညာလက်ရုံးဖြစ်ပြီး ထပ်တူလုပ်ဆောင်မှုတွေရှိတာကြောင့်ရှင်းလင်းခဲ့တာလို့ အထက်ပါအဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာလည်း သေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူး မင်းမင်းဦးနဲ့ပျူအဖွဲ့ဝင်တွေဟာ ဝိသဖန်းအင်းဘက်ကနေ စီပင်ကျေးရွာဘက်ကို ကားနဲ့ပြန်လာချိန် ပစ်ခတ်ခံခဲ့ရပြီး ပျူစောထီးအဖွဲ့ဝင် ၂ ဦးသေဆုံးကာ ခေါင်းဆောင် မင်းမင်းဦးအပါ ၄ ဦးဒဏ်ရာရခဲ့တာပါ။
အဲ့ဒီလိုပစ်ခတ်ခံရပြီးကတည်းက မင်းမင်းဦးဟာ ကျေးရွာကို မပြန်တော့ဘဲ ဒိုက်ဦးမြို့၊ ဒရယ်နီလမ်း ဆုံမီးပွိုင့်အနီးက နေအိမ် ၁ လုံးကိုဝယ်ယူနေထိုင်နေခဲ့တာလို့ သိရပါတယ်။
စာတည်း – ဟိန်းစံ