ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ပံ့သကူလိုက်ကောက်သူတွေ ကား၊ ဆိုင်ကယ်တွေနဲ့တိုက်မိလို့ ၃ ဦးဒဏ်ရာပြင်းထန်

0 10
0 10

မြေလတ်အသံ၊ နိုဝင်ဘာလ ၅၊ ၂၀၂၅။

နေပြည်တော်၊ ပျဥ်းမနားမြို့မှာ ယမန်နေ့ နိုဝင်ဘာ ၄ ရက်တန်ဆောင်မုန်းလပြည့်ည ပံ့သကူလိုက်ကောက်သူတွေ ကား၊ ဆိုင်ကယ်တွေနဲ့တိုက်မိလို့ ကိုရင် ၁ ပါးအပါ ၃ ဦးပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါတယ်။

ယမန်နေ့ည ၈ နာရီကျော်က ပျဥ်းမနားမြို့၊ ပန်းခင်းရပ်မီးပွိုင့်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ပံ့သကူကောက်သူတွေနဲ့ စည်ကားနေချိန် ကားတစီးက လမ်းဘေးမှာရပ်နေတဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေး ၁ ဦးကို တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ည ၉ နာရီခန့်မှာလည်း ပျဥ်းမနားမြို့၊ လက်ပန်ခါးလှကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ လမ်းပေါ်တက် ပံသကူကောက်သူ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့အသက် ၁၀ နှစ်အရွယ် ကိုရင် ၁ ပါးကို ဆိုင်ကယ်က ဝင်တိုက်မိခဲ့တာပါ။

” ရှေ့က ကားပေါ်က ကြဲသွားတာကို နောက်က ဆိုင်ကယ်၊ ကားတွေမကြည့်တော့ဘူး၊ ဝင်ကောက်တော့တိုက်မိတာ။ ဖြစ်တာက ၂ နေရာပါ။ ကောင်မလေးက လမ်းဘေးကနေ ပိုက်ဆံကြဲနေတာ။ ရုတ်ရုတ်သဲသဲတွေဖြစ်နေတော့ ကားသမားလည်းပြာသွားတာနေမယ် ဝင်တိုက်မိတာ။ ကားက လမ်းအတိုင်းမောင်းလာတဲ့ကားပါ”လို့ အခင်းဖြစ်ပွားမှုကို ကူညီဆောင်ရွက်ပေးခဲ့သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် မိန်းကလေးငယ်မှာ လက်၊ ခြေထောက်နဲ့ ယာဘက်မျက်လုံးပြင်းထန်ဒဏ်ရာရခဲ့ပြီး ကိုရင်နဲ့ သက်ကြီးအမျိုးသားမှာလည်း စိုးရိမ်ရဒဏ်ရာတွေရထားတာကြောင့် ပျဥ်းမနားမြို့ ကုတင် ၂၀၀ ဆေးရုံကို ပို့ဆောင်ကုသနေရတယ်လို့ ဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်ညဟာ မြန်မာ့ရိုးရာဓလေ့ ပံ့သကူပစ်လေ့ရှိကြပြီး ပံ့သကူပစ်သူတွေက ငွေနဲ့ပစ္စည်းတွေကို လမ်းတွေပေါ် မှာထားခဲ့ကြရာ ကောက်ယူသူတွေကလည်း ရှာဖွေကောက်ယူကြတာပါ။

လမ်းမတွေပေါ် ပစ်တဲ့ ပံ့သကူငွေတွေကို လုယက်ကောက်ယူသူများပြားတာကြောင့် ပံ့သကူကောက်ယူသူတွေနဲ့ လမ်းသွား၊ လမ်းလာယာဥ်တွေအကြား မတော်တဆမှုတွေ နှစ်စဥ်ဖြစ်ပွားနေပြီး လူသေဆုံးတဲ့ဖြစ်စဥ်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။