ကန့်ဘလူမြို့နယ် အခွန်တော်အရာရှိအပါ ၇ ဦးကို ပလဖ အချုပ်ထောင်မှာ အမှုဖွင့်ဖမ်းဆီးထား

0 7
0 7

◼ စစ်တပ်နဲ့ဆက်သွယ်မှု၊ ငွေကြေးအလွဲသုံးစားလုပ်မှုအပါ အမှု ၅ မှုနဲ့ဖမ်းဆီးခဲ့ဟုဆို

မြေလတ်အသံ၊ နိုဝင်ဘာ ၂၊ ၂၀၂၅။

အမျိုးသားညီညွှတ်ရေးအစိုးရ – NUG ရဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အခွန်တော်အရာရှိဖြစ်သူနဲ့ အဖွဲ့ဝင် ၆ ဦးကို စစ်ကော်မရှင်ထောက်တိုင်တွေနဲ့ဆက်သွယ်မှုအပါ အမှု ၅ မှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

အခွန်တော်အရာရှိ ဦးမြင့်ကျော် (ခ) အာခိုင်၊ စာရေးအမျိုးသမီး ၁ ဦး၊ အခွန်တော်အဖွဲ့ဝင်အမျိုးသား ၅ ဦးတို့ကို ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ လုပ်ပိုင်ခွင့်အာဏာကိုအသုံးချမှု၊ မြို့နယ်ပအဖ တံဆိပ်စည်းအတု ပြုလုပ်မှု၊ သက်သေခံပစ္စည်းများဖျောက်ဖျက်မှု၊ စစ်ကော်မရှင်ထောက်တိုင်တွေကို ဆက်သွယ်မှုတို့နဲ့ အောက်တိုဘာ ၁၂ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“သူတို့က အခွန်ချလန်တွေကို လစဥ်လစဥ် မြို့နယ်ပအဖစည်းတံဆိပ်နဲ့ စည်းတံဆိပ် တုံးအတုနဲ့ပေါ့။ အတုနဲ့ အခွန်ချလန်တွေကို သူကြိုက်တဲ့အမောက် (Amount) ကို ပြန်ရေးပြီးတော့မှ ဘဏ္ဍာရေးတာဝန်ခံဆီကို အပ်တာပေါ့။ အခွန်ချလန်အစစ်တွေပေါ့။ တကယ်ကောက်ထားတဲ့ ချလန်တွေကို မီးရှို့ ဖျက်ဆီးတာတွေ လစဥ် လစဥ်လုပ်တယ်။ ဒါလည်း စစ်ဆေးပေါ်ပေါက်တယ်။ ပအဖရဲ့စည်းတံဆိပ်တုံး အတုကို ၁၂ ရက်နေ့ ထိန်းသိမ်းတဲ့နေ့က အခွန်တော်အရာရှိအဖွဲ့က စာရေးမက အိမ်သာထဲကိုပစ်ချခဲ့တယ်။ ပစ်ချခဲ့တာကို စစ်ဆေးပေါ်ပေါက်တော့ ရဲဘော်တွေက အဲ့ဒါကို ခက်ခက်ခဲခဲ အိမ်သာထဲထိလိုက်ရှာပြီးတော့ ယူထားရတယ်”လို့ ကန့်ဘလူပအဖတာဝန်ရှိသူက ပြောပါတယ်။

သူတို့ကိုမဖမ်းဆီးခင်မှာ စစ်ဘက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေးတာ၀န်ရှိသူတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြီးမှ ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်တွေအရ အရပ်ဘက်တရားစီရင်ရေးကို လွှဲပြောင်းကာ အရေးယူဆောင်ရွက်နေတာလို့ သိရပါတယ်။

လက်ရှိမှာ ဖမ်းခံထားရသူ ၇ ဦးကို ကန့်ဘလူမြို့နယ်ပလဖ က အမှုဖွင့်ပြီး အချုပ်ခန်းမှာချုပ်နှောင်ထားကာ ဘယ်လို ပုဒ်မတွေနဲ့အမှုဖွင့်ထားလဲဆိုတာကိုတော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

ဦးမြင့်ကျော်ဟာ အခွန်တော်အရာရှိဖြစ်တဲ့ ၂၀၂၂ ကနေ အခုနှစ် စက်တင်ဘာလအထိ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးဇနီးဖြစ်သူတွေ၊ CDM မလုပ်ကြတဲ့ ရဲတပ်သားတွေနဲ့ ဖုန်းကနေတဆင့် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တာကို သူကိုင်ဆောင်တဲ့ဖုန်းမှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဦးမြင့်ကျော်ဟာ စစ်အာဏာမသိမ်းခင်အချိန်တုန်းက စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ကနေထွက်ပြေးမှု၊ မူးယစ်ဆေးရောင်းဝယ်မှုတွေနဲ့ ထောင်ကျဖူးသူဖြစ်တယ်လို့လည်း အထက်ပါပအဖတာဝန်ရှိသူက ဆိုပါတယ်။

ဦးမြင့်ကျော် (ခ) အာခိုင်ကို ၎င်းရဲ့အစ်ကိုရင်းဖြစ်သူ လက်ရှိအဓမ္မမှုနဲ့ တရားရင်ဆိုင်နေရဆဲဖြစ်တဲ့ ကန့်ဘလူ ခရိုင်ပအဖတာဝန်ခံ ဦးမဲခေါင်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ကန့်ဘလူမြို့ နယ်ရဲ့ အခွန်တော်အရာရှိအဖြစ် ခန့်အပ်ခဲ့တာလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ခရိုင်ပအဖတာဝန်ခံ ဦးမဲခေါင်အပါအဝင် ၄ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်း ပလဖ အချုပ်ခန်းတွေအတွင်း ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသူအမျိုးသမီး ၄ ဦးကို လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့တာကြောင့် လက်ရှိမှာ တန့်ဆည်မြို့နယ်ပလဖအကျဥ်းထောင်မှာ ချုပ်နှောင်ခံရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။