မီးမလာလို့ စစ်ကိုင်းမြို့မှာ ရေရှားပါးတဲ့ဒုက္ခ အဆိုးရွားဆုံး ရင်ဆိုင်နေရ

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တနေ့ကို မီး ၁ နာရီလောက်သာ လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေ ရေအခက်ခဲ ကြုံနေရပြီး သောက်သုံးရေကအစ ရှားပါးနေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

အခု ဧပြီလလယ်ကတည်းက တနေ့လုံးနီးပါး မီးမလာတော့တာကြောင့် လက်ရှိ စစ်ကိုင်း မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်ကျော်လောက်မှာ ရေခက်ခဲမှုကြုံနေရကာ သုံးရေနဲ့သောက်ရေအတွက် ပရဟိတကားတွေ ဆီကယူပြီး ချိုးဖို့အတွက်ကတော့ မြစ်ဆိပ်ကိုသွားကြရတယ်လို့ ဆိုပါတယ်။

ပရဟိတ ရေအလှူကားတွေကလည်း မနက် ၇ နာရီ‌ကနေ ည ၇ နာရီထိ လိုက်လံလှူတန်းနေပြီး ရပ်ကွက် ၄ ခုစာအတွက် ဂါလံ ၈၀၀ ပါရေကားတစီးကို တနေ့ ၇ ခေါက် သယ်ယူပို့ဆောင် နေရတယ်လို့ ရေအလှူပေးနေတဲ့ ထုံးဘိုအရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

“မီးက တရက်လုံးမှ ၁ နာရီကောင်းကောင်းတောင်မရဘူး၊ ရေက တမြို့လုံးကိုခက်ခဲနေပြီ၊ ဘယ်လောက်ထိတောင်ဆိုးလဲဆို အိမ်သာတတ်စရာရေတောင် မရှိကြဘူး၊ အမေကြီးတယောက်ဆို အိမ်မှာသောက်ရေကို မရှိတော့လို့ ရေကျန်လေးမရှိဘူးလားလို့ လာ‌မေးတယ်၊ ပြည်သူတွေ တော်တော် ခက်ခဲနေကြတာပါ”လို့ ပြောပါတယ်။

မီးမလာတဲ့အတွက် ‌စည်ပင်ရေလည်း မရတော့ဘဲ ရေပြတ်လတ်သွားကာ အဝီစီတွင်းရှိတဲ့ အိမ်တချို့ကတော့ အဆင်ပြေပေမယ့် အများစုက ရေပြတ်လတ်မှုနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

အခုလက်ရှိ သိမ်ကုန်း၊ မြို့သစ်၊ တကောင်း၊ ဇေယျာတိုးချဲ့၊ ပတ္တမြား၊ ရွှေမင်းဝံ၊ ပါရမီ၊ သာစည် စတဲ့ ရပ်ကွက်တွေနဲ့ တောင်ပေါ်ဘုန်းကြီးကျောင်းတွေမှာ ရေပြတ်လတ်မှု အဆိုးဆုံးဖြစ်ပြီး မြို့ပေါ်ရပ်ကွက် ၂၃ ခုမှာ ၁၅ ရပ်ကွက်ကျော်လောက် ရေဘေးဒုက္ခကြုံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကိုင်းမှာက မီးကိုမလာတော့ဘူး၊ မနက်မိုးလင်းတာနဲ့ ကားကြီးကားငယ်တွေနဲ့ မြစ်ဆိပ်မှာလူစည်နေပြီ၊ ရေအတိမ်အနက် ကြိုးတားထားတာတွေလည်း မရှိတော့ အန္တရာယ်တော့များတယ်ဗျ၊ ရေနစ်သေဆုံးမှုတွေရှိလာမှာတော့ စိုးရိမ်ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှု ကြုံရပေမယ့် ယခုနှစ်ကတော့ ရေပြတ်လတ်မှု အဆိုးဝါးဆုံးဖြစ်ကာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နဲ့ ၂၄ ရက်‌နေ့တုန်းကလည်း ရှင်ဖြူရှင်လှဘုရားအနီးမှာ ရေဆင်းခပ်တဲ့ ကိုရင်လေး ၂ ပါး ရေနစ်သေဆုံးမှုဖြစ်ခဲ့ပါသေးတယ်။

ပုံ – စစ်ကိုင်းဒေသခံတဦး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။