◼️ အမှုပိတ်သိမ်းဖို့ ကျောင်းအုပ်ကြီးဦးဆောင်ပြီး ကျပ်သိန်း ၇၀၀ နဲ့ ညှိနှိုင်းနေ
စလင်း၊ အောက်တိုဘာ ၂၅၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း(အထက ၁)မှာ တက်ရောက်နေတဲ့ အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့ သူငယ်ချင်းတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စလင်းမြို့ G-10 ကျောင်းသူကို တကျောင်းတည်းတက်ရောက်နေတဲ့ ရည်းစားဖြစ်သူနဲ့ သူငယ်ချင်း ၃ ဦးက အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီကျော်မှာ မြင်တင်ရပ်ကွက်ရှိ ထီးကြီးဘုရားအတွင်း ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
” G-12ကျောင်းသား(ရည်းစားဖြစ်သူ)က သူ့မွေးနေ့ရှိတယ်ဆိုပြီး ကျောင်းသူမလေးကို ထီးကြီးဘုရားကို ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်း ၃ ဦးကိုလည်းခေါ်ခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေကလည်း G-12 အောင်မြင်ပြီးကြပါပြီ။ ထီးကြီးဘုရားမှာ ကျောင်းသားတွေက အရက်သေစာ သောက်စားမူးယစ်ပြီး ကျောင်းသူမလေးကို ဝိုင်းဝန်းအဓမ္မပြုကျင့်ကြတယ်”လို့ စလင်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ရည်းစားဖြစ်သူကျောင်းသားနဲ့ သူငယ်ချင်းတွေက ပါးစပ်ကိုပိတ်ပြီး တလှည့်စီအဓမ္မပြုကျင့်တာ၊ ရိုက်နှက်တာတွေလုပ်စဥ် ကျောင်းသူမှာသတိလစ်မေ့မျောသွားပြီးနောက် ထီးကြီးဘုရားထဲမှာ ထားခဲ့ခံရတာလို့ သိရပါတယ်။
“အဓမ္မပြုကျင့်ရာတွင် ကျောင်းသူမလေးရဲ့ ရည်းစားဖြစ်တဲ့ ကျောင်းသားက လည်ပင်းညှစ်ခြင်း ပါးရိုက်ခြင်း ပါးစပ်အားပိတ်ခြင်းများပြုလုပ်၍ ၃ ဦးပေါင်း ၁ ဦးချင်းစီက အဓမ္မပြုကျင့်ခဲ့ပြီး ကျန်တဦးက ဖုန်းဖြင့် videoဖိုင်ရိုက်ပြီး (Telegram)မှာ တင်ခဲ့ပါတယ်၊ အဓမ္မကျင့်ပြီးနောက် ကျောင်းသူမလေး သတိမေ့မျောနေချိန် ထီးကြီးဘုရားအတွင်းထားရှိခဲ့တယ်” လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကို နစ်နာသူမိန်းကလေးရဲ့ပြန်လည်ပြောပြချက်အရ ၎င်းနဲ့နီးစပ်သူတွေဆီကတဆင့် သိရှိခဲ့တာလို့ အထက်ပါမြို့ခံကပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် အဓမ္မပြုကျင့်ခံရတဲ့ကျောင်းသူ သတိပြန်ရလာပြီး ဘုရားအနီးဝန်းကျင်ရှိ ဒေသခံတွေကို ၎င်းအဓမ္မပြုကျင့်ခံရကြောင်းပြောဆိုအကူ အညီတောင်းခံတာကြောင့် ဒေသခံတွေကစလင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာပါ။
လက်ရှိမှာ အဓမ္မပြုကျင့်ခဲ့သူ G-12 ကျောင်းသားနဲ့သူငယ်ချင်း ၄ ဦးကို စလင်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီး အဓမ္မပြုကျင့်စဥ် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း ရဲဘက်က သိမ်းယူထားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှုကြေအေးနိုင်ရေး ရဲတပ်ဖွဲ့၊ စလင်းအထက ၁ ကျောင်းအုပ်ကြီး၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက နစ်နာသူကျောင်းသူမိဘတွေဆီ ကျပ်သိန်း ၇၀၀ နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ