ဖမ်းခံရတဲ့ စစ်တိုင်းမှူးနေရာအစားထိုးတာအပါ တိုင်းမှူးနဲ့တပ်မမှူး နေရာအများအပြား အပြောင်းအလဲထပ်လုပ်
မြေလတ်အသံ၊ အောက်တိုဘာ ၂၅၊ ၂၀၂၅။
ဖမ်းဆီးခံထားရတဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ) စစ်တိုင်းမှူးနေရာအပါအဝင် ထိပ်ပိုင်းရာထူးတွေဖြစ်တဲ့ တိုင်းမှူး၊ တပ်မမှူးနဲ့ လေ့ကျင့်ရေးကျောင်းအုပ်ကြီး ရာထူးနေရာအများအပြားကို စစ်ခေါင်းဆောင်တွေက အပြောင်းအလဲထပ်မံလုပ်ခဲ့တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ရပခတိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး ဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကမှ ဗထူးတပ်နယ်မှူးတာဝန် တွဲဖက်ယူရတဲ့ တိုက်ခိုက်ရေး(ဗထူး) ကျောင်းအုပ်ကြီးကနေ တိုင်းမှူးအဖြစ် ရာထူးတိုးခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ၃ လအကြာ အခုလနောက်ဆုံးအပတ်ထဲမှာပဲ ရှမ်းပြည်နယ်အတွင်း တရားမဝင်ကုန်စည်တွေသယ်ယူမှုတွေမှာ လာဘ်စားတယ်ဆိုကာ နေပြည်တော်စစ်ရုံးက ဖမ်းဆီးစစ်ဆေးနေတာလို့ တပ်တွင်းသတင်းရင်းမြစ်တွေထံကသိရတဲ့အချက်အလက်ကို CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

၎င်းရဲ့ ရပခတိုင်းမှူးနေရာကို ဗန်းမော်စစ်မျက်နှာမှာ မျက်နှာပန်းလှခဲ့ပြီး နယ်မြေတချို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တဲ့ မကွေးအခြေစိုက် တပ်မ ၈၈ တပ်မမှူး DSA ၄၀ ဆင်း ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနဲ့ အစားထိုးခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။
” တပ်မမှူးအသစ် ၁ ယောက်ချိန်းတယ်တဲ့ ။ အရင်တပ်မမှူးက တိုင်းမှူးထွက်သွားတယ်ကြားတယ်။ တပ်ချုပ်(မင်းအောင်လှိုင်) ပြီးခဲ့တဲ့ဩဂုတ်လထဲ မကွေး(တပ်မ ၈၈)ကို တပ်စစ်လာသွားပြီးကတည်းက တပ်မမှူးက အနှေးနဲ့အမြန်ရာထူးတိုးတော့မယ်ဆိုတာတော့ သိကြတယ်” လို့ မကွေးမြို့၊ တပ်မ ၈၈ ဌာနချုပ်လက် အောက် တပ်မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းက နောက်ထပ်စစ်တိုင်းတခုဖြစ်တဲ့ ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ)တိုင်းမှူးနေရာကိုလည်း အပြောင်းအလဲလုပ်ခဲ့ပြီး တိုင်းမှူးအသစ်အဖြစ် DSA အပတ် စဉ် ၄၀ ဆင်း စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် စိုးမြတ်ထွဋ် ကို ခန့်အပ်လိုက်ပါတယ်။

နေရာဖယ်ပေးလိုက်ရတဲ့ ရလခ တိုင်းမှူးဟောင်း အလုပ်သင်ဗိုလ်အပတ်စဥ် ၂၃ ဆင်း ဗိုလ်ချုပ် မျိုးမင်းထွန်းဟာ စစ်အာဏာသိမ်းပြီးနောက် တိုင်းမှူးတွေအနက် သက်တမ်းအရှည်ဆုံးတိုင်းမှူးဖြစ်ပြီး သူနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်းတွေကိုတော့ မသိရသေးပါဘူး။
တပ်မမှူးအပြောင်းအလဲတွေအနက် လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် ရခိုင်ရိုးမပေါ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်တောင်ကြောတဝိုက်စခန်းတွေမှာ ရှေ့တန်းတိုက်ခိုက်ရေးဝင်ရောက်နေရတဲ့ စကခ ၁၇ ရဲ့ စကခမှူးနေရာကို ကလောမြို့အခြေစိုက် အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် (တမခ ၅၅) က ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မျိုးမြင့်ဦး ရောက်ရှိလာတယ်လို့ သိရပါတယ်။
တပ်မ ၅၅ ဟာ မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှာ ရှမ်းမြောက်၊ လောက်ကိုင်၊ ကုန်းကြမ်းဒေသတွေမှာ တိုက်ခိုက်ရေးဝင်ရောက်ခဲ့တာဖြစ်ပြီး ဒကစ(လောက်ကိုင်)နဲ့အတူ လောက်ကိုင်မြို့ကျဆုံးချိန်မှာ တပ်မမှူးအပါ တပ်မတခုလုံး အလံဖြူထောင်လက်နက်ချခဲ့တဲ့ တပ်မ လည်း ဖြစ်ပါတယ်။

လက်ရှိ အာရက္ခတပ်တော်-AAနဲ့ နတ်ရေကန်တောင်ကြောတိုက်ပွဲတွေမှာ အဓိကတိုက်ခိုက်နေရတဲ့ စကခ ၁၇ စကခမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း ကို ရန်ကုန်တိုင်း၊မှော်ဘီမြို့အခြေစိုက် အမျိုးသမီးဗိုလ်သင်တန်းကျောင်းကို ကျောင်းအုပ်ကြီးအဖြစ်ပို့ဆောင်လိုက်တာပါ။
နတ်ရေကန်တောင်ကြောတဝိုက်က စကခ ၁၇ တပ်တွေဟာ AA ရဲ့ထိုးစစ်တွေအတွင်း ထိခိုက်သေဆုံးသူတွေများတဲ့အပြင် စစ်ကော်မရှင်တပ်သားအများစုဟာ စခန်းတွေစွန့်ခွာထွက်ပြေးနေကြပြီး လက်နက်ချအညံ့ခံသူတွေနဲ့ အလင်းဝင်ခိုလှုံလာသူတွေလည်း အများအပြားရှိနေတယ်လို့ အာရက္ခတပ်တော်-AA က အခုလထဲမှာထုတ်ပြန်ထားပါတယ်။
လစ်လပ်သွားတဲ့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနေရာကို နောင်ချိုမြို့ကိုပြန်သိမ်းနိုင်ခဲ့တဲ့ စကခ ၁၂ မှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး၊ တပ်မ ၈၈ တပ်မမှူးနေရာကို တပ်မ ၁၁ ဒုတပ်မမှူး ဗိုလ်မှူးကြီး မြင့်ဟိဏ်း တို့ကို ခန့်အပ်လိုက်ပါတယ်။
အခြားထိပ်ပိုင်းရာထူးပြောင်းလဲမှုတွေအနေနဲ့ ကရင်နီမှာတိုက်ခိုက်ရေးဝင်နေတဲ့ တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်စိုးလင်းကို မင်္ဂလာဒုံ၊ စစ်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး လစ်လပ်သွားတဲ့ တပ်မ ၆၆ နေရာကို ရေးမြို့အခြေစိုက် စကခ ၁၉ ဒုစကခမှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့် ရောက်ရှိလာတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်တပ်က ယခုအကြိမ်အပြောင်းအလဲမှာ တိုင်းမှူး၊ လေ့ကျင့်ရေးကျောင်းအုပ်ကြီး၊ စကခမှူး၊ တပ်မမှူး၊ ဒုတပ်မမှူး၊ ဒုစကခမှူးရာထူး နေရာ ၄၀ ထက်မနည်းပြုလုပ်ခဲ့တယ်လို့ ဗိုလ်ကြီးဇင်ယော်ရဲ့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
 
				 
								