ဆားလင်းကြီး စစ်ရှောင်တွေမှာ အပူဒဏ်မြင့်မားမှုရဲ့ နောက်ဆက်တွဲရောဂါတွေ ခံစားနေရ

0 1
0 1

ဆားလင်းကြီး၊ ဧပြီ ၂၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်ဒေသခံတွေမှာ ဧပြီလ ဒုတိယအပတ်အတွင်းက စတင်လို့ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲရောဂါတွေ ခံစားနေရတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေဟာ နေရာတခုထဲမှာ လူရာနဲ့ချီ စုပြုံနေထိုင်ရတာဖြစ်ပြီး အပူဒဏ်ပြင်းထန်လို့ ဝမ်းပျက်ဝမ်းလျှော၊ အစာအဆိပ်သင့်တာ၊ သွေးတိုးမူးဝေတာ၊ အစာမစားနိုင်တာ၊ နုံးချိနွမ်းနယ်တာနဲ့ အော့အန်တာ စတဲ့ရောဂါတွေ ဖြစ်ပွားနေပြီး ကလေးငယ်တွေနဲ့ အသက်ကြီးပိုင်းတွေမှာ အဖြစ်များတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ Monywa People Defence Force Salingyi Subcommittee တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“စစ်ရှောင်စခန်းကနည်းပြီး လူအရေအတွက်ကများတော့ တနေရာတည်းမှာ လူ ၁၀၀ ကျော်၊ ၂၀၀ လောက် စုပြုံနေရတာဆိုတော့ အပူဒဏ်ကို တော်တော်လေး ခံရတယ်။ လူအများကြီးနဲ့ ရောနေရတာဆိုတော့ လေဝင်လေထွက် မကောင်းတာနဲ့ လူအနံ့အသက်တွေနဲ့ဆိုတော့ နောက်ဆက်တွဲပြဿနာတွေက ရှိလာတယ်။ အိမ်သာဆိုလည်း လူအများကြီး သုံးတာဆိုတော့ ရောဂါတွေက ဖြစ်လာတယ်” လို့ ပြောပါတယ်။

အပူဒဏ်ခံရသူတွေကို ဓါတ်ဆားရည်တိုက်တာ၊ လိုအပ်တဲ့ဆေးဝါးသွင်းပေးတာနဲ့ ဆေးပေးတာတွေ လုပ်ဆောင်ပေးနေပေမယ့် အပူရှိန် ပိုပြင်းထန်လာပါက ရောဂါဖြစ်လာသူတွေ ပိုများပြားလာနိုင်တာကြောင့် ဆေးဝါးလိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဆားလင်းကြီးနယ်ထဲမှာ စစ်ဘေးရှောင်နေရသူ ထောင်နဲ့ချီရှိနေပြီး လက်ရှိမှာ စစ်ဘေးရှောင် ၁၀၀ ကျော် လောက်က အဲ့ဒီရောဂါတွေ ခံစားနေရတာလို့ သိရပါတယ်။

မတ်လနဲ့ ဧပြီလဟာ အပူချိန်ပြင်းထန်တဲ့လတွေ ဖြစ်ပြီး အဲ့ဒီလတွေအတွင်း အညာဒေသ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက လက်ရှိအမြင့်ဆုံး နေ့အပူချိန်ဟာ ၄၃ ဒီဂရီစင်တီဂရိတ် ကနေ ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေတယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။