ကပစ-၁၆ အနီးကရွာ ၄ ရွာကို ဝင်ထွက်ခွင့်ပိတ်လိုက်လို့ ဒေသခံတွေစားသောက်ရေးအခက်တွေ့

0 16
0 16

မြေလတ်အသံ၊ အောက်တိုဘာ ၁၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ်-၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီးက ကျေးရွာ ၄ ရွာက ဒေသခံတွေကို အောက်တိုဘာ ၁၃ ရက်ကစတင်ပြီး စစ်ကော်မရှင်တပ်က ဝင်ထွက်ခွင့်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မသုံရွာ၊ ဖလုံရွာ၊ ကျားခြေရာရွာ၊ ကျောက်ဇကွဲရွာက ဒေသခံတွေကို ကပစ ၁၆ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ရွာအပြင်ထွက်ခွင့်ပိတ်လိုက်တာဖြစ်ပြီး ခုလိုပိတ်လိုက်တာကြောင့် ဒေသခံ ၁,၀၀၀ ကျော်ဟာ စားသောက်ရေး အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“ဒီရွာတွေက ဒေသခံတွေက တော၊ တောင်တွေကို မှီခိုပြီးစားသောက်နေကြတာ။ သစ်ခုတ်၊ ဝါးခုတ်ကြတယ်။ မီးသွေး ဖုတ်ကြတယ်။ ရွာကမထွက်ရတော့ လက်လုပ်လက်စားတွေအတွက် အခက်အခဲဖြစ်သွားတာပေါ့လေ။ စကစကလည်း ရိက္ခာတွေပေးတာမရှိဘူး။ သူတို့ဘက်ကပေးရင်တော့ ကောင်းတာပေါ့လေ”လို့ ပန်းတောင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

အာရက္ခတပ်တော်-AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ပန်းတောင်းမြို့နယ်မှာ ထိုးစစ်အရှိန် မြှင့်လာတာကြောင့် ကပစ-၁၆အနီးမှာ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်လို့ဆိုကာ အခုလို အထက်ပါကျေးရွာတွေကို အပြင်ထွက်ခွင့်ပိတ်ပင်လိုက်တာလို့လည်း အထက်ပါ အမျိုးသားကဆိုပါတယ်။

ရွာတရွာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးစီရှိပြီး ရွာပြင်ထွက်လို့ ဖမ်းမိရင် စစ်မှုထမ်းသင်တန်းပို့မယ်ဆိုပြီး ပြောဆိုတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“တရွာမှာ အနည်းဆုံး စကမတပ်သား ၁၀ ယောက်လောက်စီချထားပါတယ်။ ရွာပြင်ထွက်သူကို ဖမ်းမိရင် စစ်မှုထမ်းသင်တန်းကို အပို့ခံရမယ်။ ဒီလိုရွာပြင်ထွက်ခွင့်မရရင် စားနပ်ရိက္ခာပြတ်လပ်ပြီး ထမင်းငတ်ကြတော့မယ်။” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်က ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်၊ ၉ ကီလိုမီတာအကွာအဝေးရှိ စစ်ကော်မရှင်ရဲ့ ၆၆၆ ပွိုင့်ကုန်းကို ၃ နာရီခန့်ကြာတိုက်ခိုက်ခဲ့ပြီးနောက် အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ရုပ်သံမှတ်တမ်းနဲ့တကွ အောက်တိုဘာ ၁၅ ရက်မှာ AAက ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါပွိုင့် ၆၆၆ စခန်းတခုလုံးကို သိမ်းပိုက်ရယူခဲ့စဉ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်အလောင်းအချို့၊ လက်နက်ခဲယမ်းနဲ့စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း AA ကဆိုထားပါတယ်။

ဒါ့အပြင် ကပစ-၁၆ နဲ့ကပ်လျက်က အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ မသုံကျေးရွာကိုလည်း ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ကပစ-၁၆ တပ်နယ်မြေနဲ့ ကျေးရွာလုံခြုံရေးအတွက်ဟုဆိုကာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ရှိတဲ့ ရွာခံအမျိုးသား ၃၀ ဦးကို ကျေးရွာထဲမှာ စစ်သင်တန်းပေးခဲ့ပြီး ရွာကိုလည်း ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ကာ စစ်ကော်မရှင်တပ်က ဝါးလုံးချွန်တွေနဲ့ ခြံစည်းရိုးခတ်ကာရံခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။