ဘုရားကြီးတိုးဂိတ်တွင် စစ်ကောင်စီက မော်တော်ယာဉ်ဂိတ်ကြေး ကျပ်သိန်းချီကောက်ခံ

0 1
0 1

ပဲခူး၊ ဧပြီ ၈၊ ၂၀၂၃။

ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ ဘုရားကြီးတိုးဂိတ်မှာ စစ်ကောင်စီစစ်ဆေးရေးအဖွဲ့တွေက ရန်ကုန်-မြဝတီ ကိုသွားလာနေကြတဲ့ မော်တော်ယာဉ်တွေဆီကနေ ဂိတ်ကြေးကို ကျပ်သိန်းချီတဲ့အထိ ကောက်ခံနေတယ်လို့ သိရပါတယ်။

မတ်လ ၂၅ ရက်မှစတင်ပြီး မြဝတီမြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် လုံခြုံရေးယူတာဆိုတဲ့အကြောင်းပြချက်နဲ့ ဂိတ်ထိုင်ကာ ငွေကြေးကောက်ခံနေတာဖြစ်ပြီး ကားအဝင်အထွက်များတဲ့ အချိန်တွေကိုရွေးကာ ကင်းစောင့်ကောက်ခံနေကြတာလို့ ရန်ကုန်-မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းမှာ ခရီးသည်နဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပေးနေတဲ့ အဌားယာဉ်မောင်းတဦးက ဆိုပါတယ်။

“ရန်ကုန်-မြဝတီသွားရင် ဂိတ်ကြေးအနေနဲ့ အသွား ၁၂၀၀၀၊ အပြန် ၁၂၀၀၀ ပေးရတယ်။ အခုနောက်ပိုင်း အသွား ၄၅၀၀၀၊ အပြန် တသိန်းနီးပါး ပေးနေရတဲ့အတွက် ကားသမားတွေအနေနဲ့ အခက်အခဲတွေကြုံနေရတယ်” လို့ သူကဆက်ရှင်းပြပါတယ်။

အစပိုင်းမှာ မြဝတီသွားမယ့်မော်တော်ယာဉ်တွေကို တစီး ၁၀၀၀ ကျပ်ကောက်နေရာမှ နောက်ပိုင်းတွင် ၅၀၀၀၊ ၁၀၀၀၀ အထိ တိုးမြှင့်ကောက်ခံရာက အခုလို အဆမတန်တိုးကောက်လာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေက မော်တော်ယာဉ်တွေဆီကနေ အခုလိုကောက်ခံတာမျိုးတွေလုပ်သလို စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရခိုင် စတဲ့ဒေသရဲ့ မှတ်ပုံတင်ကိုင်ဆောင်တဲ့သူတွေကိုလည်း ဒဏ်ကြေးရိုက်တယ်ဆိုပြီး ကျပ် ၁၀၀၀၀ အထိကောက်ခံတယ်လို့ အထက်ပါယာဉ်မောင်းက ဆိုပါတယ်။

“ယာဉ်ဂိတ်ကြေးကောက်တဲ့အပြင် အသက် ၁၈ နှစ်ကနေ ၃၀အတွင်း (မှတ်ပုံတင်)မလဲရသေးတဲ့ မှတ်ပုံတင်ကိုင်ဆောင်တဲ့သူတွေဆို ဒဏ်ကြေး ၅၀၀၀၊ ၅မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၁၁မျဉ်းစောင်းကိုင်တဲ့သူတွေဆို ၁၀၀၀၀ အထိကောက်တယ်” လို့ သူက ဆက်ပြောပါတယ်။

ဂိတ်ကြေးကောက်ခံတဲ့အချိန်ကိုလည်း ကားအသွားလာများတဲ့ ညနေပိုင်းဆိုရောက်လာပြီး ညနေ ၅ နာရီကနေ ည ၁၂ နာရီ မော်လမြိုင်သွားတဲ့ လမ်းကြောဘက်မှာ တောင်းပြီး၊ မနက် ၄ နာရီကနေ ၆ နာရီထိကတော့ ရန်ကုန်ဘက်ဆင်းတဲ့ စုပေါင်းဂိတ်နားမှာ တောင်းတာတွေလုပ်တယ်လို့ ဆိုပါတယ်။

ဘုရားကြီးစစ်ဆေးရေးဂိတ်ဟာ ပြီးခဲ့တဲ့နှစ် ၂ လပိုင်းတုန်းက ဖျက်သိမ်းထားတဲ့ဂိတ် ဖြစ်ပေမယ့် အခုနှစ် မတ်လ ၂၇ရက်ကမှ အသစ်ပြန်ဖွင့်ပြီး ဘောနက်ကြီးအခြေစိုက် ခလရ ၅၉ကတပ်သားတွေဦးဆောင်ကာ ပြည်သူတွေဆီက ငွေကြေးအဆမတန်တောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။