ဆားလင်းကြီး၊ စက်တင်ဘာ ၂၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တနေရာမှာ စက်တင်ဘာ ၂၂ ရက် ဒီကနေ့မှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတခုအဖြစ် ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက မြေလတ်အသံကိုပြောပါတယ်။
စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေက အသိမှတ်မပြုဖို့ စစ်ကော်မရှင်ဘက်က ဘာလုပ်လုပ် ပြည်သူတွေက လက်မခံဘူးဆိုတာ နိုင်ငံတကာသိဖို့ လိုအပ်တဲ့အတွက် ခုလို ဆိုင်ကယ်သပိတ်ပြုလုပ်တာလို့ ဆိုပါတယ်။



“ပြည်သူက အတုယောင်ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘူး၊သူတို့ရဲ့အတွင်းစိတ်ကဆန္ဒကို ကျနော်တို့က လောင်စာအားကောင်းအောင် နိုင်ငံရေးအရ ပြုလုပ်ရတာဖြစ်တယ်”လို့ ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစုအဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။
အဆိုပါသပိတ်ကို ဒီကနေ့မှာဒုတိယအကြိမ်မြောက်ပြုလုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်ကလည်း ဆိုက်ကယ်သပိတ်ပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။



ယနေ့မှာတော့ ပထမဆိုင်ကယ်သပိတ်ပြုလုပ်ပြီးလှည့်လည်ခဲ့တဲ့ ကျေးရွာတွေဆီမဟုတ်ဘဲ ကျေးရွာတွေဆီကို လှည့်လည်ကာ လူထုနှိုးဆော်ရေးတရားတွေလည်း ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါသပိတ်ကို ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ လက်ပတောင်းတောင် ဒေသသပိတ်၊ လက်ပံတောင်းတောင်ပင်မသပိတ်၊ အညာပစ်တိုင်းထောင်လေးများ၊ ၅/ဆလက သပိတ်၊ ၅/လက်ပံတောင်းသပိတ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ် အစရှိတဲ့ သပိတ်အင်အားစုတွေ စုပေါင်းကာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


