ကလေး-တီးတိန်လမ်းပိုင်းမှာတပ်စွဲနေတဲ့ စစ်ကြောင်းက စစ်သား ၁၄ ဦး လက်နက်ခဲယမ်းအများအပြားယူပြီး ဘက်ပြောင်းလာ

0 10
0 10

မြေလတ်အသံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေး-တီးတိန်လမ်းပိုင်းမှာ တပ်စွဲနေတဲ့စစ်ကြောင်းက စစ်ကော်မရှင်တပ်သား ၁၄ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၁၇ ရက် ဒီကနေ့မှာ ​ထုတ်ပြန်ပါတယ်။

ဘက်ပြောင်းလာသူတွေဟာ ကလေးမြို့နယ်မှာ လှုပ်ရှားနေတဲ့ Wing of Kalay ဒရုန်းတပ်ဖွဲ့ထံ ချိတ်ဆက်ကာ ဇူလိုင်လမှာ ၆ ဦး၊ ဩဂုတ်လမှာ ၈ ဦး ခိုလှုံလာတာဖြစ်ပြီး ကလေး-တီးတိန်လမ်းပိုင်းမှာ ဖြန့်ခွဲတပ်စွဲနေတဲ့ အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်းကနေ ထွက်ခွာလာကြတာလို့ ဆိုပါတယ်။

” သူတို့နောက်ကွယ်မိသားစုလုံခြုံရေးအရ လွတ်မြောက်ရာတွေအရွှေ့အပြောင်းလုပ်နေဆဲအချိန်တွေမို့ ဘယ်တပ်ဆိုတာမျိုးကို မထုတ်ပြန်တာပါ။ မိဘတွေနဲ့ ပြောဆိုပြောင်းရွှေ့ဖို့ သူတို့မိသားစုများကို မှာကြားနေဆဲတွေမို့ပါ။ တပ်အမည်တွေ ကျနော်တို့ဖက်က ရေးသားတင်လိုက်တာနဲ့ စကစမှနောက်ချန်မိသားစုတွေ ချက်ချင်းလိုက်ပြီး ထိန်းသိမ်းမှုတွေရှိတဲ့အတွက်ပါ” လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဘက်ပြောင်းစစ်သားတွေနဲ့အတူ MA-3 ၅ လက်၊ MA – 1 ၂ လက်၊ လက်ပစ်ဗုံး ၉ လုံး၊ အီနာဂါဗုံးသီး ၇ လုံး၊ ကျည်ဘောက် ၁၅ ဘောက်၊ ၅.၅၆ မမ ကျည် ၁,၂၀၀ တောင့်တို့ ယူဆောင်လာတာကြောင့် ၁ ဦးကို ငွေကျပ် သိန်း ၃၀ စီ ပေးအပ်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

၎င်းတို့ ၁၄ ဦးဟာ အသက် ၂၀ နဲ့ ၃၀ ကြားရှိ နေပြည်တော်၊ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်ဒေသတွေကနေ စစ်မှုထမ်းအဖြစ်အဓမ္မဖမ်းဆီးစုဆောင်းခံခဲ့ရသူတွေဖြစ်ပြီး ဇာတိနေရပ်ကိုပြန်ချင်သူတွေကိုတော့ သက်ဆိုင်ရာမိဘ၊ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ပို့ပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လတွေမှာလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေးစေလွှတ်ခံရတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကလေးမှ အင်အား ၅၀၀ ကျော် စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်သား ၂၀ ဦးကို ကလေးမြို့ ပြပြောက်ကျားစီမံချက်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။