တိုက်ပွဲကြောင့်ဆိုကာ မန္တလေး-မုံရွာလမ်းကို စစ်ကော်မရှင်တပ်က ယာယီပိတ်

0 19
0 19

မုံရွာမြို့တွင်းမှာလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေရှိနေ

မုံရွာ၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေလို့ဆိုပြီး စစ်ကော်မရှင်တပ်က စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီခန့်မှာ မအူဂိတ်နဲ့ မြေနဲရွာအကြား ခရီးသွားကားတွေကို ပြည်လှည့်ခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

‌ဒီလိုပြန်လှည့်ခိုင်းတာကြောင့် ခရီးသည်တင်ကားတွေဟာ ကားဂိတ်တွေဆီပြန်ထိုးကာ လမ်းကြောအခြေနေကောင်းရင် ပြန်လည်ထွက်မယ်လို့ ခရီးသွားပြည်သူတွေကို ပြန်လည်အသိပေးတယ်လို့ ဆိုပါတယ်။

“ပြန်လှည့်ဆိုလို့သာပြန်လှည့်ရတာ အခြေနေကဘယ်လိုလည်းမသိရဘူး၊ တော်လှန်ရေးဘက်က ဘာမှ ကြေညာချက်ထုတ်တာတော့မတွေ့ဘူး”လို့ အမည်မဖော်လိုသူ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသားတဦးက မြေလတ်အသံကိုပြောပါတယ်။

မုံရွာမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး‌တဲ့နောက် မုံရွာမြို့ ကားကြီးကွင်းနားမှာလည်း စစ်ကော်မရှင်တပ်က လူငယ်တွေကိုပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေက မြေလတ်အသံကို ပြောပါတယ်။

ဆိုင်ကယ်တွေနဲ့ မုံရွာမြို့ကိုလာရောက်တဲ့ ပြည်သူတွေကို ကားကြီးကွင်း အရှေ့ကနေ ‌‌‌‌‌‌‌‌‌‌‌‌‌စောင့်ပြီး ပေါ်တာဆွဲဖမ်းဆီးနေခဲ့တာလို့ သိရပါတယ်။

သံပြားကာကားသုံးစီးနဲ့စောင့်ပြီးဖမ်းနေတာဆိုတဲ့ သတင်းစကားကြောင့် အချို့မြို့ခံတွေလည်း အပြင်မထွက်ရဲကြဘဲ အိမ်မှာနေနေကြရတယ်လို့ဆိုပါတယ်။

“၁၈ နှစ် နဲ့ ၂၀ ကျော်တွေဆွဲခံရတယ်။ အခြေနေတွေရှုပ်နေတာမို့ ဘယ်လောက်အဖမ်းခံရတယ်ဆိုတာတော့ မသိရဘူး။ အချို့လည်း သိတော့လှည့်ပြန်ကြတယ်”လို့ ဒေသခံတဦးကမြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ မုံရွာမြို့မှာ ဇူလိုင်လဒုတိယအပတ်ကစတင်ကာ ပေါ်တာဆွဲနေပြီး သြဂုတ်လ ပထမပတ်မှာရပ်နားကာ စက်တင်ဘာ ၁၆ ရက်မှာ ထပ်မံပေါ်တာပြန်ဆွဲနေတာလို့ သိရပါတယ်။

စာတည်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။