ဆားလင်းကြီး၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၂ ခုက ကလေးငယ်တွေကို မီးပုံးတွေလှူဒါန်းပေးခဲ့တယ်လို့ လက်ပံတောင်းတောင် ပင်မသပိတ်အဖွဲ့ဆီက သိရပါတယ်။
စစ်ဘေးရှောင်စခန်းတွေနေထိုင်နေကြရတဲ့ ကလေးငယ်အများစုမှာ သီတင်းကျွတ်ကာလမှာ ဆော့ကစားဖို့ မီးပုံတွေဝယ်နိုင်ဖို့ခက်ခဲတာကြောင့် ခဏတာပျော်ရွှင်ကြစေဖို့ ရည်ရွယ်ချက်နဲ့ ကလေးငယ် ၃၀၀ ကျော်အတွက် စက်တင်ဘာ ၁၅ ရက်မှာလှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။



“စစ်ရှောင်နေရပ်စွန့်ခွာစခန်းတွေက ကလေးတွေမှာက မိသားစုက စားဝတ်နေရေးကြပ်တည်းနေရတဲ့ ကာလမှာကလေးတွေအတွက် ဒီလိုပစ္စည်းတွေဝယ် ပေးဖို့ဆိုတာ ခဲယဉ်းတယ်လေ။ ကလေးတွေက လိုချင်ပေမယ့်လည်းမတောင်းရဲကြဘူး။ သူတို့ရဲ့သတင်းကျွတ်အချိန်ခါသမယမှာ ဒီလိုမီးပုံးလေးတွေ ကိုင်ပြီးပျော်ချင်ကြမယ်၊ အဓိက သူတို့ရဲ့စိတ်ကလေးတွေ ခေတ္တခဏပျော်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ လှူပေးဖြစ်တာပါ“လို့ လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင် မကွေးတိုင်းအတွင်း စစ်ရှောင်စခန်းတချို့က တာဝန်ခံတွေကလည်း လာရောက်လှူဒါန်းပေးဖို့ ဆက်သွယ်ပြောဆိုထားတွေရှိပြီး ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းဘက်ကိုလည်းထပ်ပြီး လှူဒါန်းပေးချင်တယ်လို့ ဆိုပါတယ်။



“ပေါက်ဘက်က စစ်ရှောင်စခန်းက ကလေးလေးတွေဆီလည်း သွားပြီးလှူပေးချင်ပါသေးတယ်၊ ထပ်ပြီးတော့လှူဖို့ရှိတယ်၊ တချို့မကွေးထဲကစစ်ရှောင်စခန်းထဲက ကလေးလေးတွေလဲလိုချင်ကြောင်း တာဝန်ခံလေးတွေကနေတဆင့် ဆက်သွယ်တာလေးတွေရှိတယ်။ မဖြစ်ဖြစ်အောင်တော့ ရအောင်ပို့ပေးဖို့လေးတွေရှိပါသေးတယ်။” လို့ အထက်ပါအဖွဲ့ဝင်တဦးကဆက်ပြောပါတယ်။
အလှူရှင်တချို့ရဲ့အလှူငွေကိုမတည်ပြီး လိုအပ်တဲ့ငွေကိုအဖွဲ့ဘက်က စိုက်ထုတ်လှူဒါန်းခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ စစ်ရှောင်စခန်းတွေကိုလည်း ထပ်ပြီးလှူဒါန်းသွားဖို့ကြိုးစားမယ်လို့ ဆိုပါတယ်။



လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄၊ သီတင်းကျွတ်ကာလတုန်းကလည်း အညာဒေသရှိ စစ်ရှောင်စခန်းက ကလေးငယ်တွေအတွက် မီးပုံးတွေလှူဒါန်းပေးခဲ့တာရှိပြီး ဒီနှစ်လှူဒါန်းတာက ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။
စာတည်း – လင်း