ဒေသခံတချို့ပြန်လွတ်လာပြီး ဖမ်းဆီးခံအမျိုးသမီးတွေလည်း အဓမ္မပြုခံနေရဟုဆို
တောင်သာ၊ စက်တင်ဘာ ၁၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင် စစ်ကြောင်းက နေအိမ်တွေကိုမီးရှို့ခဲ့တဲ့အပြင် ဒေသခံတွေကိုဖမ်းဆီးပြီး အဲ့ဒီထဲက အမျိုးသမီး တချို့ကိုလည်း အဓမ္မပြုကျင့်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၀ ရက် မနက် ၉ နာရီခန့်မှာ မလှိုင်မြို့နယ်ဘက်ကနေ အင်အား ၃၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ လက်ပတောနဲ့ မကျီးကုန်းကျေးရွာသွားလမ်းပေါ်မှာ စစ်ကြောင်း သတင်းထောက်ဖို့သွားတဲ့ မကျီးကုန်းကျေးရွာသား အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသားတဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲ့ဒီနောက်စစ်ကြောင်းဟာ အဆိုပါအမျိုးသားကို ဖမ်းဆီးသွားပြီး ရုံးစည်ကြီးကျေးရွာကိုဖမ်းခေါ်သွားကာ ည ၇ နာရီမှာ ဖမ်းဆီးခံရသူရဲ့ ဖုန်းကနေတဆင့် သူရဲ့အမျိုးသမီးဖြစ်သူ အသက် ၂၇ ကျော်အရွယ်အမျိုးသမီးကို စစ်ကော်မရှင်တပ်သားတွေက ထမင်းလာပို့ခိုင်းပြီးနောက် ရောက်ရှိလာချိန်မှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကြောင်းကိုထောက်ခိုင်းတဲ့ သူယောင်္ကျားကို ဖမ်းသွားတယ်။ အဲ့ဒါကိုညပိုင်းကျတော့ သူ့ယောင်္ကျား ဖုန်းနဲ့ ထမင်းလာပို့လို့ပြောတယ်။ သွားပို့တဲ့အချိန်မှာ အဓမ္မပြုကျင့်လိုက်တယ်။ အခုလည်းအမျိုးသမီးတွေဖမ်းထားပြီး သေတဲ့သူသေ၊ အဓမ္မပြုကျင့်ခံရသူတွေရှိနေသေးတယ်။ ထပ်သိရတာက ၁၂ ယောက် အဓမ္မပြုကျင့်ခံရသူတွေလည်းရှိသေးတယ်လို့ သိရတယ်”လို့ ရုံးစည်ကြီးရွာခံတဦးကပြောပါတယ်။
အထက်ပါ မကျီးကုန်ရွာသား ၁ ဦး၊ လက်ပတောရွာသား ၁ ဦး၊ ရုံးစည်ကြီးကျေးရွာထဲရှိ တောင်ရပ်၊ မြောက်ကွမ်းရပ်ကွက်တွေထဲက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁၅ ဦးကျော်ဖမ်းဆီးခံထားရတာဖြစ်ပြီး အဲ့ဒီထဲက အမျိုးသမီး ၃ ဦးနဲ့ အထက်ပါ မကျီးကုန်းရွာသားရဲ့ အမျိုးသမီးကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ရုံးစည်ကြီးကျေးရွာထဲ အထိုင်ချထားတဲ့စစ်ကြောင်းက စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းလောက်ကစတင်ပြီး ရွာထဲရှိဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်သူတွေရဲ့နေအိမ်တွေအပါအဝင် ၁၅ လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရုံးစည်ကြီးရွာခံတဦးက ပြောပါတယ်။
“ရွာထဲက ထောက်ပို့အိမ်တွေကို ဒလန်ကလိုက်ပြလို့ ကျနော်တို့ထောက်ပို့ အိမ်တော်တော်များများ ပါသွားတယ်။ ကျနော့်အိမ်၊ ကျနော့်အဒေါ်အိမ်ရယ် ထောက်ပို့တော်တော်များများရဲ့အိမ်ကို ဒလန်က လိုက်ပြခဲ့တယ်။ အဲ့ဒလန်ဘယ်သူဆိုတာလည်းသိထားပြီး။ စစ်ကြောင်းရှိနေလို့ မကာနိုင်သေးဘူး။ “လို့ အထက်ပါရွာခံက ဆက်ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်မနက်ထိ စစ်ကော်မရှင်စစ်ကြောင်းက ကျေးရွာထဲအထိုင်ချထားပြီး တန်ပိုကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကာ အထိအခိုက်အပျက်အစီးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဝင်နေလို့ ရုံးစည်ကြီး၊ မကျီးကုန်း၊ ခပေါင်း၊ အနောက်တော၊ လက်ပတော၊ တန်ပိုကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
မတ် ၄ ရက်ကလည်း တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှာ စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲခံရလို့ ဒေသခံ ၆ ဦးသေဆုံးပြီး နေအိမ် ၃၀ နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း