မြို့တချို့ ပြန်လက်လွှတ်ရတာဟာ ခံစစ်ဆင်ဖို့သင့်တော်ချိန်မဟုတ်တာကြောင့် မြို့ပြင်ပြန်ထွက်ပေးတာလို့ ကာကွယ်ရေးဝန်ကြီး ပြော

0 8
0 8

မြေလတ်အသံ၊ စက်တင်ဘာ ၁၂၊ ၂၀၂၅။

သိမ်းပိုက်ထားတဲ့ မြို့တချို့ကိုပြန်လက်လွှတ်လိုက်ရတာဟာ ခံစစ်ဆင်ဖို့ သင့်တော်ချိန်မဟုတ်တာကြောင့်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၁ ရက်မှာ Public Voice Television က ထုတ်လွှင့်ခဲ့တဲ့ ကာကွယ်ရေးဝန်​ကြီး ဦးရည်မွန်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ နယ်မြေတချို့ကို စစ်ကော်မရှင်တပ်တွေက ပြန်လည်ထိန်းချုပ်ခဲ့တဲ့အပေါ် မေးမြန်းမှုမှာ အခုလို ပြောဆိုခဲ့တာပါ။

” လတ်တလော အရေးကြီးတဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ TNLA ဆိုရင် ဒါ နောင်ချိုကို လက်လွှတ်ခဲ့ရတယ်။ မန္တလေးဒေသ PDFတွေလည်း သပိတ်ကျင်းကို လက်လွှတ်ခဲ့ရတာရှိပါတယ်။ ဒါပေမယ့် အခုအချိန်က ဒါဟာခံစစ်တွေတိုက်ဖို့ သင့်တော်တဲ့အချိန်မဟုတ်ဘူးဗျ။ အဲ့ဒီအတွက် မြို့တွင်းက ကိုယ့်တပ်တွေ မြို့ပြင်ပြန်ထွက်ပေးတဲ့ သဘောပါပဲ” လို့ ဦးရည်မွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ၁၀၂၇ စစ်ဆင်ရေးကာလက တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ နောင်ချိုနဲ့ သပိတ်ကျင်းမြို့တွေကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်တဲ့အပြင် ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကိုလည်း ရှေ့ဆင့်နောက်ဆင့်ပြန်လည် လက်လွှတ်ခဲ့ရတာပါ။

ဒါ့အပြင် စစ်ကော်မရှင်က အာဏာရှင်နိုင်ငံတချို့ရဲ့ ပြောင်ပြောင်တင်းတင်းရပ်တည်ထောက်ခံမှုတွေရရှိလာတဲ့အတွက် ပိုမိုအတင့်ရဲလာပြီးထိုးစစ်တချို့ကို အရဲကိုးလုပ်ဆောင်လာခဲ့တယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေကို လှုပ်ရှားစစ်နဲ့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်ဖြစ်တယ်လို့လည်း ပြောပါတယ်။

” တော်လှန်ရေးအင်အားစုတွေအနေနဲ့ဆိုရင် ဒီအချိန်မှာ နယ်မြေတချို့စွန့်ကောင်းစွန့်ရမယ်။ ဒါပေမယ့် စစ်မျက်နှာအလိုက် ရန်သူ့ထိုးစစ်ကို ထိထိရောက်ရောက် ချေမှုန်းပစ်နိုင်ဖို့ပေါ့။ ဒါကို ကျနော်တို့ ကြိုးစားနေတဲ့အချိန် ဖြစ်ပါတယ် “

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။