မြေလတ်အသံ၊ စက်တင်ဘာ ၁၁၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်စစ်ကြောင်းတွေ တပ်လန်ပြန်ဆုတ်ရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်-AA က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၇ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကော်မရှင်တပ်ရဲ့ ခလရ ၂၉၅တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးစီးတဲ့စစ်ကြောင်းဟာ AA တပ်တွေတည်ရှိရာကို ထိုးစစ်ဆင်တိုက်ခိုက်လာစဥ် စွန်တက်ကျေးရွာ အရှေ့မြောက်ဘက် မီတာ ၃,၀၀၀ ခန့်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။


၈ နာရီနီးပါးကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်အလောင်း ၆၀ ကျော်၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဖော်ပြပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၄ ရက်မှာ စွန်တက်ကျေးရွာအနီးမှာပဲ တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းရဲ့ ဒုတိယစစ်ကြောင်းဖြစ်ပြီး ယခုတကြိမ်လည်း ထိခိုက်သေဆုံးများပြီး ထပ်မံတပ်လန် ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့ ညနေ ၅ နာရီခွဲခန့်မှာပဲ စွန်တက်ရွာအနီး နတ်ရေကန်ကုန်းတောင်ဘက်နေရာကို နောက်ထပ်စစ်ကော်မရှင်စစ်ကြောင်းတခုက ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိတယ်လို့ AA က ဆိုပါတယ်။


စစ်ကော်မရှင်တပ်ဖွဲ့အနေနဲ့ မကွေးတိုင်းနဲ့ ရက္ခိုင်ပြည်အစပ်နေရာတွေကို စကခ ၁၇ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၇၄ ၊ ခမရ ၅၆၉၊ ခမရ ၅၇၅၊ ခမရ ၅၇၇ ၊ ခမရ ၅၂၀ ၊ ခလရ ၂၉၅ တပ်ရင်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အဲ့ဒီတပ်ရင်းတွေဟာ စစ်မှုမထမ်းမနေရဥပဒေနဲ့ အဓမ္မစုဆောင်းခံထားရတဲ့ စစ်သင်တန်းဆင်းတပ်သားသစ်တွေအများအပြားနဲ့ စုဖွဲ့ထားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်အနေနဲ့ ရက္ခိုင်ပြည်နယ်အစပ် ၎င်းတို့ဆုံးရှုံးထားရတဲ့နယ်မြေတွေကို ပြန်လည်ထိုးစစ်ဆင်နေပြီး ဧရာဝတီတိုင်း စက်စက်ယိုရွာအနီးတဝိုက်၊ ပဲခူးတိုင်း ဆင်လမ်ရွာအနီးတဝိုက်နဲ့ ရိုးတောင်အစပ်နေရာတွေမှာ အင်အားအလုံးအရင်းထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။