ကန့်ဘလူ၊ စက်တင်ဘာ ၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာကနေ ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို ဒေသခံတော်လှန်ရေးတပ်တွေကတိုက်ခိုက်ပြီး သေနတ် ၅ လက်သိမ်းဆည်းခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
စစ်ကော်မရှင်တပ်နဲ့ပျူစောထီး ၁၇ ဦးဝန်းကျင်ကို စက်တင်ဘာ ၈ ရက် ဒီနေ့မနက် ၆ နာရီခန့်က ဝက်တိုးကျေးရွာနဲ့ ၃ ဖာလုံအကွာရှိ ကာဘိုးကျေးရွာအကြားမှာ ပစ်ခတ်ခဲ့ကြတာလို့ ရေဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။
“ရွာ ၂ ရွာကပ်လျက်ပါ။ နေ့တိုင်းကင်းပတ်တာပါ၊ ရွာတွေမှာ **တချို့ကို ဦးဆောင်စေတဲ့သဘောမျိုးပါ။ ကန့်ဘလူဘက်ကရွာတွေမှာ ဝါသဝဦးဆောင်တဲ့ ပျူအင်အားကောင်းပါတယ်”လို့ ရေဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။
နှစ်ဖက်အပြန်အလှန် ၁၀ မိနစ်ကြာမြင့်ခတ်ခဲ့ချိန် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၇ ဦးသေဆုံးပြီး ကာဘိုင် ၂ လက်၊ MA 1 ၁ လက်၊ G 3 ၁ လက်၊ ပြောင်းချော ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် လှုပ်ရှားအဖွဲ့၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကော်မရှင်အဖွဲ့တွေဟာ အလောင်းတွေကိုထားခဲ့ပြီး ဝက်တိုးရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာအများစုဟာ စစ်ကော်မရှင်ထောက်ခံတဲ့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေဖြစ်ပြီး ဝက်တိုးကျေးရွာမှာလည်း စစ်ကော်မရှင်နဲ့ပျူစောထီးတွေက တပ်စွဲနေထိုင်ပြီး အနီးကျေးရွာတွေကို ကင်းပတ်လေ့ရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတတိယအပတ်တွင်းမှာလည်း ကန့်ဘလူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တွေနဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့တဲ့အပြင် ကိုင်းရိုး၊ သရက်တော၊ အင်္ဂါဒေါင့်နဲ့ ကျေးပင်အပ်ရွာအပါအဝင် စစ်ကြောင်းထိုးတဲ့ကျေးရွာတွေက နေအိမ်တွေကိုလည်း စစ်ကော်မရှင်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေကို သတ်ဖြတ်ခဲ့ပါသေးတယ်။
စာတည်း – လင်း