ပွင့်ဖြူမှာ နယ်မြေစိုးမိုးဖို့လာတဲ့ အင်အားရာကျော်ပါစစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးသူများဟုဆို

0 49
0 49

ပွင့်ဖြူ၊ စက်တင်ဘာ ၅၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၄ ရက်မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးသူများခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား ၂၀၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းက နယ်မြေစိုးမိုးဖို့ဝင်လာချိန် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ မနက် ၁၀ နာရီကနေ ၁၀ နာရီခွဲအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

“ပထမဆုံးကတော့ ကျနော်တို့ သတင်းအရင်ရတော့ ကြိုတင်စောင့်ဆိုင်းပြီးတိုက်ခိုက်ခဲ့တယ်၊ ကျနော်တို့ မိုင်းတွေနဲ့လည်းဆွဲခဲ့တယ်၊ ထိခိုက်သေဆုံးကတော့ ကျနော်တို့ မျက်မြင်ကို ၂၁ ဦးရှိတယ်၊ ဒဏ်ရာလည်း တော်တော်ရကြတယ်၊ အော်ဟစ်ပြီး ငိုကြွေးနေတဲ့ အသံတွေကော ဒီအတိုင်းကြားရတယ်” လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တွေဘက်ကသေဆုံးသူ ၂၀ ကျော်ရှိခဲ့တယ်လို့ သိရပြီး ဒီထိခိုက်သေဆုံးမှုတွေ ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဆိုပါစစ်ကြောင်းဟာ မဲဇလီကုန်းရွာ၊ ကျောက်ကုန်းကြီးရွာ၊ ရွာခိုင်ရွာ၊ ကုန်းဇောင်းရွာက ပျူစောထီးတွေ၊ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅၊ ပွင့်ဖြူဝါစိုက်ပျိုးရေးတပ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွင်းသိမ်းဆည်းရမိတဲ့ပစ္စည်းတွေလည်းရှိခဲ့ပြီး လက်ရှိအချိန်နယ်မြေရှင်းလင်းရေး မလုပ်ရသေး တာကြောင့် အသေးစိတ်ကိုဖော်ပြလို့မရသေးဘူးလို့ အထက်ပါတာဝန်ခံကပြောပါတယ်။

“သူတို့လည်း နောက်ချန်အင်အားတွေထပ်ဖြည့်ပြီး ရှေ့ဆက်ဖို့အသင့်ပြင်နေတယ်၊ ကျနော်တို့ကလည်း စောင့်နေတာဖြစ်တဲ့အတွက်ကြောင့် နယ်မြေမရှင်းလင်းရသေးလို့ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေကိုတော့ ကျနော်တို့ ဖော်ပြလို့မရသေးပါဘူး”လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မင်းဘူးခရိုင်တပ်ရင်း ၄၊ မြိုင်/ပေါက် ပကဖ စုဖွဲ့မှု၊ မြိုင်/ပေါက် Drone Team တပ်၊ ပခုက္ကူ ပကဖ၊ ပွင့်ဖြူမြို့နယ် ပလဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၃ ရက်ကတည်းက ပွင့်ဖြူဝါစိုက်ပျိုးရေးတပ်ကနေ စတင်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပွင့်ဖြူမြို့ထဲက မကျီးစုကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

“ပွင့်ဖြူမြို့နယ်ထဲက မကျီးစုကျေးရွာကို မီးရှို့တယ်၊ မီးရှို့တာက မုန်းချောင်းရဲ့ ဟိုဘက်ကမ်းက ရွာကိုရှို့တာ၊ မုန်း ခြားနေတော့ နယ်မြေရှင်းလင်းရေးတွေ သွားမလုပ်ရသေးတာကြောင့် ဘယ်လောက်ဆိုတာ အတိအကျ မသိရသေးဘူး၊ စက်တင်ဘာ ၃ ရက်မှာ ညောင်ကိုင်းဘက်ကို ထွက်တယ်၊ ကျနော်တို့ ကာကင်းတွေနဲ့ တွေ့ပြီးတော့ တိုက်ပွဲဖြစ်သေးတယ်၊” လို့ အထက်ပါတာဝန်ခံကပြောပါတဘ်။

အဆိုပါစစ်ကြောင်းဟာ စက်တင်ဘာ ၅ ရက်ဒီကနေ့မနက်ထိ ညောင်ကိုင်းကျေးရွာအနီးမှာရှိနေပြီး တိုက်ပွဲနဲ့ စစ်ကြောင်းကြောင့် ညောင်ပင်ဝိုင်းရွာ၊ အင်းကုန်းရွာ၊ ထူးပေါက်ရွာ၊ မဒဲတောင်ရွာ၊ မဒဲမြောက်ရွာ၊ ကနီရွာ၊ ညောင်ကားယား စတဲ့ကျေးရွာတွေအပါ ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၂ သောင်းခန့် တိမ်းရှောင်နေကြရတာလို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။