ချောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ဇနီးကို ပေါ်တာဆွဲမိတဲ့ပျူစောထီးခေါင်းဆောင် တရားစွဲဖမ်းဆီးခံရ

0 112
0 112

ချောက်၊ ဩဂုတ် ၃၀၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့ရှိ ချောက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးရဲ့ဇနီးကို ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တဦး ပြန်လည်ဖမ်းဆီးခံထားရတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။

သြဂုတ် ၂၃ ရက်မနက် ၁၀ နာရီခွဲလောက်က ချောက်မြို့မစျေးအနီးမှာ အထက်ပါအုပ်ချုပ်ရေးအဖွဲ့ဝင်အေးမင်းထွန်းရဲ့ ဇနီးဖြစ်သူ မနွယ်မာဝင်းကို ပျူစောထီးအဖွဲ့ ၁၅ ဦးလောက်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ပျူစောထီးခေါင်းဆောင်က ဈေးဝယ်လာတဲ့လူငယ်တွေကို ပတ်ဆွဲနေတာ၊ အဲ့ဒီနေ့က ရွာဘက်က ဈေးလာဝယ်တဲ့ လူငယ် ၁၀ ဦးကျော်လောက်လည်းဖမ်းသွားတယ်၊ ဘယ်ရွာကလို့တော့မသိဘူး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ မိန်းမကတော့ ဆိုင်ကယ်နဲ့ဈေးလာဝယ်တာ၊ ဆိုင်ကယ်စတန်း (Motorcycle stand) မှာ ဆိုင်ကယ်အပ်အပြီး ဈေးဘက်လာတဲ့အချိန် ပျူစောထီးအဖွဲ့နဲ့တွေ့တာမှာ ပေါ်တာဆွဲခံလိုက်ရတာ”လို့ ဖြစ်စဥ်ကို သိရှိတဲ့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူက ပြောပါတယ်။

ဖမ်းဆီးပြီးနောက် မနွယ်မာဝင်းကို နေ့ချင်းပြန်လွှတ်ပေးခဲ့မယ့် ဖမ်းဆီးခဲ့တဲ့ ပျူစောထီးတွေထဲက ချောက်မြို့၊ အမှတ် ၁၅၊ စစ်ကွင်းရပ်ကွက်နေ အသက် ၄၀ အရွယ် ပျူစောထီးခေါင်းဆောင်အောင်ဇော်ဦးကို အေးမင်းထွန်းကပြန်လည်တရားစွဲတာကြောင့် ဩဂုတ် ၂၅ ရက်မှာ သူ့နေအိမ်မှာပဲ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

“ချောက်ရဲစခန်းကို အေးမင်းထွန်းကအမှုဖွင့်တာ၊ ဘယ်လိုပုဒ်မတပ်ပြီး ဖွင့်တယ်ဆိုတာတော့ မသိဘူး၊ အမှုဖွင့်လို့ ချောက်ရဲစခန်းက ရဲတွေကသွားဖမ်းရတာ၊ ချောက်ရဲစခန်းမှာ ၁ ရက်ထားတယ်၊ နောက်ရက်မှ နေပြည်တော်ကို ပို့လိုက်တာ၊” လို့ အထက်ပါ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူကပြောပါတယ်။

အဖမ်းခံရတဲ့ပျူစောထီးဟာ ယခင်ကျောင်းဆရာတဦးဖြစ်ပြီး လူမှုရေးကိစ္စတွေကြောင့် တာဝန်ကရပ်နားခံထားရသူဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက်မှာ ပျူစောထီးဖြစ်လာပြီး ချောက်မြို့ပေါ်မှာလည်း ဒေသခံတွေကို ပေါ်တာဆွဲတာ၊ ငွေတောင်းပြီး လူပြန်ရွေးခိုင်းတာတွေအပြင် မပေးရင်စစ်မှုထမ်းထဲ ထည့်တာတွေ လုပ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

ချောက်မြို့ပေါ်မှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက မကြာခဏပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး ဩဂုတ် ၂၇ ရက်ကလည်း ချောက်မြို့ပေါ်ရှိ ဖုန်းဆိုင်တွေက ဝန်ထမ်းလူငယ်တွေကို စစ်ကော်မရှင်အဖွဲ့တွေက ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။