ဟားခါးမှာမိတဲ့မူးယစ်ဆေးအမှုနောက်ဆက်တွဲ ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ တပ်ရင်းမှူး ဖမ်းဆီးခံရ

0 41
0 41

မြေလတ်အသံ၊ သြဂုတ် ၃၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်-PDF တပ်ရင်း ၁၄ တပ်ရင်းမှူး ကိုဇေယျာဌေး ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ တပ်ရင်း ၁၄ နဲ့ နီးစပ်သူတွေထံက သိရပါတ​ယ်။

ဇူလိုင်လဆန်းပိုင်းက ယင်းမာပင်ခရိုင်တပ်ရင်း ၁၄-၁၅ တပ်ဖွဲ့ဝင်တချို့ မူးယစ်ဆေးဝါးတွေနဲ့အတူ ချင်းပြည်နယ်၊ ဟားခါးမြို့အတွင်းဖမ်းဆီးခံခဲ့ရတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနညွှန်ကြားချက်နဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့က သြဂုတ် ၂၆ ရက် ည ၇ နာရီကျော်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

” တပ်ရင်း၁၄၊ ၁၅ ဆိုတာက တူတူပဲဗျ။ တပ်ရင်းမှူး(ဇေယျာဌေး)တဦးတည်း ကိုင်ထားတာ။ သူ့ကို MOD က ဖမ်းဝရမ်းထုတ်ထားတာကြာပါပြီ။ သူ့ကို စစ်ဆေးခံဖို့ ခဏခဏခေါ်တာရှိတယ်။ ဒါပေမယ့်သူက လာရောက်အစစ်ဆေးမခံလို့ ဖမ်းဆီးလိုက်ရတာ” လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ နဲ့ နီးစပ်သူ တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိ တပ်ရင်းမှူးကို ယင်းမာပင်ခရိုင်ကွပ်ကဲရေးရုံးမှာ ဖမ်းဆီးထိန်းသိမ်းထားကာ စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး စစ်ဆေးမှုအခြေအနေအသေးစိတ်တွေကို မသိရှိရသေးလို့ ခရိုင်ကွပ်ကဲရေးဘက်ကလည်း သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က ယင်းမာပင်ခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူးထောက်ခံစာနဲ့ ဟိုင်းလပ်ကား ၂ စီး၊ တပ်ရင်း ၁၅ က တပ်ဖွဲ့ဝင် ၃ ဦး၊ ယာဥ်မောင်း ၂ ဦးလိုက်ပါကာသယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃ သန်းခန့်၊ ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်၊ သေနတ် ၂ လက်ကို Chinland Defense Force Hakha က ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရုပ်သံနဲ့တကွ ထုတ်ပြန်လာတာပါ။

ဖမ်းဆီးခံရစဥ်မှာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၄-၁၅ တပ်ရင်းမှူးက တပ်ဖွဲ့မှာအသုံးပြုမယ့် လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေသယ်ယူဖို့ အတွက်သာ ထောက်ခံစာရေးသားပေးခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတာဟာ ပုဂ္ဂလိကလုပ်ရပ်သာဖြစ်တယ်လို့ ဇူလိုင် ၈ ရက်ညနေပိုင်းမှာပဲ တပ်ရင်း ၁၅ က ထုတ်ပြန်လာပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး တပ်ရင်း ၁၅ အနေနဲ့လည်း အပြည့်အဝတာဝန်ယူမှာဖြစ်သလို စုံစမ်းမှုတွေလုပ်ဆောင်နေကြောင်း၊ NUG အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်းဖော်ပြခဲ့တာပါ။

မူးယစ်ဆေးဝါးတွေကို သယ်ယူပို့ဆောင်မှုမှာ အဓိကတာဝန်ရှိသူတွေဟာ မောင်ဇော်လတ် (ခ) ဝင်းမော်ဦး၊ တပ်ရင်း ၁၄ တပ်ခွဲမှူး ကိုပုတီး (ခ) ကျော်မင်းဇော်တို့ ဖြစ်ပြီး ၎င်းတို့ ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း CDF ဟားခါးက ထုတ်ပြန်ခဲ့ကာ ဇူလိုင် ၁၂ ရက်မှာ ကိုပုတီးက မိခင်တပ်ရင်းထံ လာရောက် အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။