myaelatt athan

Sharing Information to the Local

ဆယ်ဝရွာ ဗုံးကြဲခံရလို့ ကလေးငယ် ၁ ဦးအပါ ၂ ဦးသေဆုံး

0 49
0 49

ကျော်ကြီးဒိန်းဂျား

ပေါက်၊ ဩဂုတ် ၂၃၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆယ်ဝကျေးရွာမှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာ ကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၂ ရက်နေ့လယ် ၁၂ နာရီကျော်မှာ မိတ္ထီလာဘက်ကလာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ဆယ်ဝကျေးရွာထဲကို ပထမအကြိမ် ဗုံးသီး ၃ လုံးကြဲချပြီး မိနစ်ပိုင်းအကြာမှာ နောက်ထပ် ၁ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“ဗုံးက ရွာထိပ်နဲ့ ရွာလယ်ဝန်းကျင်ကျတာ။ ရွာက ဟိုတလောကလည်း ယာဥ်တန်းစစ်ကြောင်းက မီးရှို့ ခံလိုက်ရသေးတာကို။ အဲ့တော့ အရပ်သားပြည်သူတွေက သူတို့အိမ်လေးတွေကို ပြန်ပြီးရှင်းလင်းရေးလုပ်နေတာ။ ရှင်းလင်းရေးလုပ်နေချိန်မှာပဲ ဂျက်ဖိုက်တာနဲ့လာလုပ်တာ။” လို့ ဆယ်ဝရွာခံတဦးက ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရတာကြောာင့် အသက် ၃၈ နှစ်အရွယ် ကိုမင်းအောင်ဆိုသူနေရာတင် သေဆုံးခဲ့ပြီး အသက် ၈ နှစ်အရွယ် မဖြိုးရတီငြိမ်းကတော့ ဆေးခန်းပို့ဆောင်ချိန်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၅၅ နှစ်အရွယ် ဒေါ်ဝင်း၊ ၄၅ နှစ်အရွယ် ကိုမျိုးဦး၊ ရန်ကုန်က အလည်လာသူ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး၊ ၅၀ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်း၊ ဦးသန်းဇော်၊ အသက် ၂၅ နှစ်အရွယ် မအေးငြိမ်းတို့ ထိခိုက်ဒဏ်ရာရပြီး နွား ၂ ကောင်သေဆုံးကာ နေအိမ် ၇ လုံးပျက်စီးခဲ့ပါတယ်။

“တိုက်ပွဲဖြစ်ပွားခြင်းတော့ မရှိဘူး၊ သက်သက်မဲ့ အကြောင်းမဲ့ လာရောက်ကြဲချတာ၊ သူတို့ ဘာသတင်းရလဲ လမသိဘူး၊ အဲ့ဒီမှာပြည်သူတွေပဲရှိတာ၊ ၂ ဦးကတော့ ပွဲချင်းပြီးသေတယ်။” လို့ ပေါက်မြို့ခံ ကိုလရောင်က ပြောပါတယ်။

ဆယ်ဝရွာဟာ အိမ်ခြေ ၁၀၀ နဲ့ လူဦးရေ ၃၀၀ ဝန်းကျင်ရှိပြီး ခုလိုလေကြောင်းကနေတိုက်ခိုက်ခံရတာ ကြောင့် ဒေသခံတွေလည်းတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ခြမ်းကို တံတားဦးလေတပ်ကနေ Y 12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။