ရေတာရှည်၊ ဩဂုတ် ၂၂၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာလမ်းဆုံအနီးမှာ လက်နက်သယ်လာသူ ထောက်ပို့အမျိုးသား ၂ ဦး စစ်ကော်ရှင်တပ်တွေရဲ့ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာကြောင့် ၁ ဦး သေဆုံးခဲ့တယ်လို့ အဆိုပါအမျိုးသားတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဩဂုတ် ၂၁ ရက်မနက် ၉ နာရီကျော်မှာ မယ်ဒယ်ကယ်ကျေးရွာဘက်ကနေ အောင်ချမ်းသာရွာဘက်ဆီ ဆိုင်ကယ်နဲ့လက်နက်တွေသယ်လာတဲ့ အမျိုးသား ၂ ဦး ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
“ပစ္စည်းသယ်တာ။ (ပဲခူး)ရိုးကို ပစ္စည်းသယ်တာမှာ ဖြစ်သွားတာ။ ပွိုင့်တွေတော့ ထောက်ထားတယ်။ အိမ်စီးကားနဲ့စောင့်ပြီးတော့ လမ်းကနေစောင့်ဖမ်းသွားတဲ့ပုံစံ။ အိမ်စီးကားနဲ့ဆိုတော့ စောင့်နေတဲ့သူက ဗြုန်းခနဲမသိလိုက်ဘူး။ “လို့ ဖမ်းဆီးခံရသူနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ပစ်ခတ်ဖမ်းဆီးခံရချိန်မှာ အသက် ၂၄ နှစ်အရွယ် စိုးကြီးကတော့ ကျည်ထိမှန်သေဆုံးကာ အသက် ၁၈ နှစ်အရွယ် ရွှေအောင်ကတော့ ဖမ်းဆီးခံလိုက်ရပြီး သေနတ် ၅ လက်၊ ကျည်ဆန် ၁,၀၀၀၊ ကျည်ဘောက် ၁၂ ခု၊ ၄၀ မမ ဗုံးသီးအချို့ပါ သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။

“ပုံမှန်ကတော့ ပေါ်တာဆွဲနေကျ။ ပေါ်တာဆွဲရင်းနဲ့ မိသွားတဲ့သဘော။ အချို့ကလည်းပြောတာက အဲ့ကားက ပျက်ချင်ယောင်ဆောင်ပြီး ၂ ရက် ၃ ရက်ရှိပြီ လာစောင့်နေတာတဲ့။ “လို့ အထက်ပါ နီးစပ်သူက ဆက်ပြောပါတယ်။
ပစ်ခတ်ခံရပြီး သေဆုံးသွားသူရဲ့အလောင်းကိုလည်းပြန်မရတဲ့အပြင် ဖမ်းဆီးခံရသူကိုလည်း ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတာ စုံစမ်းမရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ရေတာရှည်မြို့နယ်၊ မယ်ဒယ်ကယ်ဘုရားအနီးမှာ PDF ၂ ဦးကို ပစ်ခတ်ဖမ်းဆီးရာ ၁ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ M-16 (MBUS Pro) ၂ လက်၊ ကာဘိုင်၂ လက်၊ FCG 9 လက်လုပ် ၁ လက်၊ ၅.၅၆ ကျည် ၁,၂၀၀ တောင့်၊ ကာဘိုင်ကျည် ၂၀၀ တောင့်၊ AK ကျည် ၂၁၈ တောင့်၊ အီနာဂါဗုံးသီး ၁၂ လုံး၊ PDF ယူနီဖောင်း ၆ စုံနဲ့ ကျည်အချို့ကို သိမ်းဆည်းရမိတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
၂၀၂၄ အောက်တိုဘာ ၆ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ဇရစ်စမ်းကျေးရွာအနီး ငွေတောင်-ချောင်းမကျည်းသွားလမ်းနဲ့ ချောင်းမကျည်းဆည်အနီးတွေမှာ လက်နက်သယ်သွားတဲ့ PDF အဖွဲ့တွေ စစ်ကောင်စီတပ်နဲ့တိုးပြီး ၃ ဦးဖမ်းဆီးခံရ၊ ၂ ဦးပစ်သတ်ခံရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံလိုက်ရသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း