myaelatt athan

Sharing Information to the Local

မင်းဘူး၊ အိုးပြင်မဲရွာကို မီးရှို့ခံရပြီး ဒေသခံ ၁ ထောင်ကျော် စစ်ရှောင်နေရ

0 6
0 6

မင်းဘူး၊ ဩဂုတ် ၁၈၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုးပြင်မဲကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၇ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၁၇ ရက် မနေ့နေ့လယ် ၂ နာရီလောက်မှာ အိုးပြင်မဲရွာအနီး အင်အား ၁၃၀ ပါတဲ့စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက်မှာ အိုးပြင်မဲရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကြောင်းထိုးတာနဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ဇကော၊ အိုင်းမ၊ ကသက်၊ အိုးပြင်မဲ၊ လက်ပတော၊ ဆည်ပင် စတဲ့ကျေးရွာတွေအပါ ရွာပေါင်း ၁၀ ရွာခန့်က ဒေသခံ ၁ ထောင်ဝန်းကျင် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ သြဂုတ် ၁၆ ရက်ကတည်းက မင်းဘူးမြို့နဲ့ အနီးဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဇီးအိုင်း၊ ပင်တလဲ၊ ဇကော၊ ကသက်၊ အိုင်းမရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့တာလို့ ဒေသခံတဦးဆီက သိရပါတယ်။

ခုလိုစစ်ကြောင်းထိုးဝင်ရောက်တာဟာ မင်းဘူးမြို့ကို စစ်ခေါင်ဆောင် မင်းအောင်လှိုင် လာမှာဖြစ်တဲ့အတွက် ခုလိုစစ်ကြောင်းထိုးနေတာဖြစ်နိုင်တယ်လို့ သူကခန့်မှန်းပါတယ်။

“မကွေးကိုအရင်ရောက်တယ် ပြီးတော့မှ မင်းဘူးကိုလာတယ်၊ မင်းဘူးမှာ သစ်ပင်စိုက်ပွဲလုပ်တယ်လို့ ပြောတယ်။ သူ(မင်းအောင်လှိုင်)လာမယ်ဆိုလို့ မန်းချောင်း တလျှောက်မင်းဘူးပတ်လည်က ရွာတွေကို သူတို့စစ်ကြောင်းထိုးနေတယ်၊ သူ ပြန် မပြန်တော့ မသိသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ အိုးပြင်မဲကျေးရွာဟာ ပြီးခဲ့တဲ့နှစ်ထဲမှာလည်း မီးရှို့ခံခဲ့ရတာကြောင့် နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အိုးပြင်မဲရွာကို မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ လက်ပတောရွာ ရဲစခန်းမှာရောက်ရှိတပ်စွဲနေတယ်လို့ သိရပြီး မင်းဘူးမြို့အဝင်အထွက်မှာလည်း ၁ ဂိတ်ကို စစ်ကောင်စီအင်အား ၃၀ ဝန်းကျင်နဲ့ စစ်ဆေးမှုတွေလုပ်နေတယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။