myaelatt athan

Sharing Information to the Local

အောင်လံမှာ အမျိုးသား ၁၂ ဦး စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

0 31
0 31

အောင်လံ၊ ဩဂုတ် ၁၆၊ ၂၀၂၅။

မကွေးတိုင်း၊ အောင်လံမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံအမျိုးသား ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းအတွက် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၀ ရက်ကနေ ၁၃ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ဝင်တွေက အောင်လံမြို့အထွက် တာဂွလမ်းဆုံ၊ မြို့ရှောင်လမ်းရှိ “ဇာမဏီ”စက်သုံးဆီဆိုင်အနီး၊ မြို့တောင်ဘက်အထွက်ဂိတ်နဲ့ မြောက်ဘက်အထွက်ဂိတ်တွေမှာ ဖမ်းဆီးမှုတွေပြုလုပ်နေတာလို့ ဆိုပါတယ်။

“လမ်းသွားလမ်းလာတွေကို ဖမ်းတာ။ ရွာဘက်ကလာတဲ့လူတွေလည်း ဖမ်းတယ်။ ကားတွေပေါ်ကနေ မှတ်ပုံတင်တွေကြည့်ပြီးတော့ ခေါ်တယ်။ ကျနော်မြင်ခဲ့တဲ့နေရာမှာတော့ တာဝမှာ ပျူစောထီး ၃ ယောက်ပဲရှိတယ်။ အဲ့ ၃ ယောက်ရပ်တဲ့နေရာက စစ်တပ်ရှိတာကိုး။ ကျနော်သိရသလောက်ဆို (ဖမ်းခံရတာ) ၁၂ ယောက်ရှိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဩဂုတ် ၁၀ ရက်မှာ ရွှေပန်းတောကျေးရွာဘက်ကနေ အောင်လံစျေးပွဲတော်လာတဲ့ အမျိုးသား ၇ ဦးကို တာဝဂိတ်မှာဖမ်းဆီးပြီး ဩဂုတ် ၁၁ ရက်မှာ အောင်လံမြို့တွင်းမှာ ကုန်တင်ယာဥ်တွေကို ရပ်ခိုင်းပြီး တွဲကားစပယ်ယာ ၃ ဦး၊ မြို့ပေါ်မှာပြုလုပ်နေတဲ့ ပွဲစျေးအတွင်းက အမျိုးသား ၁ ဦး၊ ဩဂုတ် ၁၂ ရက်မှာ အောင်လံ-ပြည်ကားလမ်းပေါ်က တီတွတ်ဂိတ်မှာ ခရီးသည်တင်ယာဥ်နဲ့လိုက်ပါလာတဲ့ အမျိုးသား ၂ ဦး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဖမ်းခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအရွယ်တွေဖြစ်ပြီး ခလရ ၇၁ တပ်ထဲမှာ ဖမ်းဆီးထားကာ မိသားစုဝင်တွေက ငွေကြေးနဲ့သွားပြန်ရွေးဖို့ လုပ်ဆောင်ပေမယ့် ညှိုနှိုင်းမခံဘူးလို့ သိရပါတယ်။

ဩဂုတ် ၁၆ ရက် ဒီကနေ့အထိတော့ ဖမ်းဆီးခံထားရသူတွေက ပြန်လွှတ်လာတာမျိုးမရှိသေးဘဲ ဆက်လက်ထိန်းသိမ်းခံထားရကာ စစ်မှုထမ်းပို့ဆောင်ဖို့ရှိနေတာကို စုံစမ်းသိရှိထားရတယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။

အခုလို စစ်မှုထမ်းဖမ်းဆီးနေတာကြောင့် ကျေးရွာတွေဘက်ကနေ မြို့ပေါ်ကို အမျိုးသားတွေ မလာရဲတော့ဘဲ အမျိုးသမီးတွေသာ စျေးရောင်းစျေးဝယ်သွားလာနေကြသလို မြို့ခံအမျိုးသားတွေလည်း အခြေအနေကြည့်သွားလာနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကနေ ၂၄ ရက်အတွင်းကလည်း အောင်လံမြို့နယ်၊ ရွာမထုံ၊ အောင်မြေကုန်း၊ ငပြင်းကျေးရွာတွေက ဒေသခံ အမျိုးသား ၁၅ ဦးကို စစ်မှုထမ်းဖို့နေအိမ်တွေကနေ ဝင်ရောက်ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။

ပုံစာ – စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ် စုဆောင်းခံရသူအချို့အား တွေ့ရစဉ်။ (ပုံဟောင်း) (ဓါတ်ပုံ – စစ်ကောင်စီ)

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။