ဒေသခံရိက္ခာတွေနဲ့ပစ္စည်းတွေပါယူသွားလို့ ကျပ်သိန်း ၁၀၀ ကျော်ဆုံးရှုံးနိုင်ဟုဆို
ပေါက်၊ ဩဂုတ် ၁၄၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့နယ်က ရွာ ၁၀ ရွာကျော်ကို စစ်ကောင်စီတပ်က သြဂုတ် ၁၃ ရက် မနေ့ကစစ်ကြောင်းထိုးမွှေနှောက်ပြီး ဒေသခံအမျိုးသားတွေကိုလည်းဖမ်းဆီးသွားတယ်လို့ ပေါက်မြို့ဒေသခံဆီက သိရပါတယ်။
ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ ကနေ ရိက္ခာယာဥ်တန်း ၁၀၀ ကျော်၊ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ဆယ်၀ရွာ၊ ထန်းတောကုန်းရွာ၊ ပျဥ်းချောင်းရွာ၊ အောက်ကျင်းရွာ၊ ဆင်သေရွာ၊ ကျွန်းပင်စုရွာ၊ ငမို့လေးရွာ၊ ငမို့ကြီးရွာ၊ ရွှေလှံရွာ၊ မြင်းခြံကုန်းရွာ၊ ရေပြာရွာ၊ ဘုရားတောင်ရွာ၊ မကျီးစင်ရွာ၊ ညောင်ပင်သာရွာ၊ ဆယ်ပင်းရွာ၊ ဇီးတောရွာ၊ လယ်ဘဲ့ရွာ၊ ကျူတောရွာ၊ နတ်ဦးယဉ်ရွာနဲ့ သမားတော်ရွာ တို့ကိုဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
“ရေပြာရွာနားအနီးတဝိုက်က ကျေးရွာ ၁၀ ရွာကျော်က ပစ္စည်းတွေသယ်သွားတာ၊ ဆန်အိတ်တွေ၊ မြေပဲအိတ်တွေ၊ စက်ပစ္စည်းတွေ သယ်သွားတာ၊ ဆယ်ဝရွာက ပစ္စည်းတွေတော့ သယ်မသွားဘူး၊ ရွာကိုတော့ ဝင်မွှေသွားတယ်၊ ချက်ပြုတ်ပြီးလည်း စားသောက်သွားကြတယ်၊” လို့ ပေါက်မြို့ခံတဦး ကပြောပါတယ်။


ဒါ့အပြင် စစ်ကြောင်းဝင်ချိန် ဘုရားတောင်ရွာက အသက် ၃၀ နဲ့ ၄၀ ကျော်အရွယ် အမျိုးသား ၇ ဦးကိုလည်း ဖမ်းဆီးသွားပြီး ဒီနေ့ထိပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။
“မနေ့က ဘုရားတောင်ရွာကို စစ်ကြောင်းဝင်တာ၊ ပြည်သူ ၇ ဦးကို ဖမ်းသွားတယ်၊ အခုထိ ပြန်မလွှတ်သေးပါဘူး၊ ဖမ်းသွားတာက အမျိုးသားတွေပါ၊ ရွာထဲမှာတွေ့တာနဲ့ ဖမ်းသွားတာ၊ ဘာကြောင့် ဖမ်းတာလည်းတော့ မသိဘူး” လို့ ပေါက်မြို့ခံ ကိုလရောင်က ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ကျေးရွာတွေထဲကိုဝင်ချိန်မှာ နေအိမ်တွေကပစ္စည်းတွေနဲ့ ရိက္ခာတွေကိုသယ်ယူသွားတာကြောင့် အနည်းဆုံး စုစုပေါင်းကျပ်သိန်း ၁၀၀ ဝန်းကျင်လောက်ဆုံးရှုံးနိုင်တယ်လို့လည်းဆိုပါတယ်။
တော်လှန်ရေးတပ်တွေက လမ်းပိုင်းတွေဖြတ်တောက်ထားတာကြောင့် ပေါက်မြို့နယ်ထဲက ပျူစောထီး အားကောင်းတဲ့ရွာတွေမှာလည်း ရိက္ခာပြတ်လပ်နေတာတွေရှိပြီး စစ်ကောင်စီဘက်က လေကြောင်းကနေပဲ ရိက္ခာပို့ပေးနေရတယ်လို့ ကိုလရောင်က ပြောပါတယ်။


ခုလိုစစ်ကြောင်းထိုးနေတာကြောင့် အထက်ပါကျေးရွာတွေက ဒေသခံ ၁ သောင်းကျော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းနဲ့ ရိက္ခာယာဉ်တန်း ၁၀၀ ကျော်ဟာ ပေါက်မြို့နယ်၊ ရေပြာတံတားအနီးမှာ ယာဉ်တန်းနဲ့အတူ တပ်ဖြန့်ထားပြီး မိုင်းရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပေါက်မြို့နယ်၊ တိုက်တောရိုးရွာကို သြဂုတ် ၁၄ ရက် ဒီမနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပေါက်မြို့ခံတွေဆီက သိရပါတယ်။
ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုးကျွန်းရွာအခြေစိုက် ကပစ ၂၂ က အင်အား ၁၈၀ ဝန်းကျင်ပါစစ်ကောင်စီ စစ်ကြောင်းဟာ သြဂုတ် ၁၃ ရက်မနေ့ကမနက်ပိုင်းမှာ စတင်စစ်ကြောင်းထိုးလာခဲ့ပြီး သပြေ တောတိုက်မှာညအိပ်တပ်စွဲပြီးနောက် ဒီမနက်ပိုင်းမှ တိုက်တောရိုးရွာကိုဝင်ပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“တိုက်တောရိုးရွာကလည်း ပေါက်နယ်တောင်ပိုင်း နယ်စပ်မှာရှိတာ၊ မနက် ၈ နာရီထိုးလောက်မှာ ရွာထဲဝင်ပြီး ပြည်သူနေအိမ်တွေကို မီးရှို့သွားတယ်၊ နေအိမ်တော့ အတိအကျမရသေးဘူး၊ ရွာကတော့ သေးသေးလေးပဲ၊ တရွာလုံးပေါင်းမှ အိမ်ခြေ ၃၀ လောက်ရှိတာ”လို့ ပေါက်မြို့ခံတဦးက ပြောပါတယ်။
စစ်ကြောင်းဝင်လာတဲ့ လမ်းတလျောက်မှာလည်း ချောင်းဆုံရွာက ကားသမား ၁ ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ချောင်းဆုံရွာလမ်းစုံအရောက်မှ ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချောင်းဆုံရွာလမ်းစုံမှာ ကင်းပုန်းဝပ်တပ်စွဲနေချိန်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် သပြေတောတိုက်ရှိ ဒေသခံနေအိမ်ပေါ်ကျကာ မီးလောင်ပြီး နွား ၁ ကောင်သေဆုံးကာ ၂ ကောင် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာစစ်ကြောင်းက ကပစ ၂၂ တပ်ထဲကို ပြန်ဝင်သွားတယ်လို့ သိရကာ ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်က လည်း ပေါက်မြို့နယ်အတွင်းက ရွာ ၁၂ ရွာကျော်ကို စစ်ကောင်စီတပ်က ဗုံး ၅၀ ကျော်ကြဲချတာကြောင့် ကလေးအပါအဝင် ၅ ဦး သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း