myaelatt athan

Sharing Information to the Local

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ကုန်တင်ကားတွေ ကျပ် ၄ သိန်းခွဲအထိ ဂိတ်ကြေးပေးနေရပြီး တွက်ခြေမကိုက်တော့လို့ ရပ်နားလာ

0 1
0 1

မြေလတ်အသံ၊ ဩဂုတ် ၁၃၊ ၂၀၂၅။

ရန်ကုန်-မန္တလေးလမ်းဟောင်းကို အသုံးပြုမောင်းနှင်နေတဲ့ ကုန်စည်ပို့ဆောင်ရေးကားတွေကို စစ်ကော်မရှင်စစ်ဆေးရေးဂိတ်တွေက ငွေကျပ်သိန်းနဲ့ချီ တောင်းခံနေတာကြောင့် ကုန်တင်ယာဥ်တွေရပ်နားလာရတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းဆီက သိရပါတယ်။

စစ်ဆေးရေးဂိတ်ပေါင်း ၃၀ ထက်မနည်းရှိတဲ့ လမ်းဟောင်းပေါ်မှာ ဖြတ်သန်းမောင်းနှင်တဲ့ကုန်ကားတွေကို ဂိတ်ကြေးအဖြစ် အနည်းဆုံး ငွေကျပ် ၅,၀၀၀ ကနေ စတင်တောင်းခံပြီး ကညွတ်ကွင်း၊ တောင်စဥ်အေး၊ ခပေါင်းတံတား စတဲ့အဖွဲ့စုံဂိတ်တွေမှာ ကျပ်သိန်းချီပေးဆောင်ရကာ ခရီးစဥ်တလျှောက် ကျပ် ၄ သိန်းခွဲဝန်းကျင် ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဆေးရေးဂိတ်မဟုတ်ဘဲ လမ်းပိုင်းပေါ်မှာ ကားလေးတွေနဲ့ထွက်တောင်းတဲ့ စစ်ကော်မရှင်တပ်ဖွဲ့၊ ယာဥ်ထိန်းရဲ၊ ရဲတပ်ဖွဲ့ဝင်တွေလည်းအများအပြားရှိနေတယ်လို့ သိရပါတယ်။

” ဂိတ်တွေရောက်သွားရင် အစစ်ဆေးခံရမယ်။ ကားသမားတွေသဘောပေါက်တယ်။ စာရွက်စာတမ်းယူမယ် ပြီးရင်သွားမယ်။ ကျနော်ကားနံပါတ်က ဘယ်လောက်ပါ၊ ယာဥ်မောင်းဘယ်သူပါ။ လိုင်စင်က ဘာပါ။ မေးလာတာကိုဖြေရမှာ။ မင်းတို့တွေဘာစာရွက်တွေလာပြတာလဲ လာမပြနဲ့လမ်းဘေးရပ်ထား။ ပိုက်ဆံပဲပေးခဲ့။ ထုံးစံဆိုတာ ဘာကိုပြောတာလဲ။ လက်ဖက်ရည်ဖိုး ကွမ်းဖိုးဆိုပေမယ့် တရားဝင်ထုံးစံဆိုတာမရှိဘူးလေ။ကိုယ်တွေက ဗုဒ္ဓဘာသာဆိုတော့ သူတို့လည်း နေပူမရှောင်မိုးရွာမရှောင် ဂိတ်တွေမှာတာဝန်ထမ်းဆောင်နေတာဆိုတော့ သုံး၊ လေးထောင်ပေးတာ။ ဒါတောင်မရဘူး” လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ကုန်တင်ကားတွေအနေနဲ့ ရန်ကုန်ကနေ မန္တလေးကို သွားရောက်ဖို့ အမြန်လမ်းသစ်ကို တက်ရောက်မောင်းနှင်ခွင့်မရှိတာကြောင့် လမ်းဟောင်းကိုသာ အဓိကထား အသုံးပြုနေရတယ်လို့ သိရပါတယ်။

ကုန်စည်ပို့ဆောင်တဲ့ကားတွေအနေနဲ့ သက်ဆိုင်ရာဌာနတွေမှာ စာရွက်စာတမ်းအပြည့်အစုံလုပ်ပြီး ပို့ဆောင်နေပေမယ့် လမ်းဟောင်းစစ်ဆေးရေးဂိတ်တွေက ကုန်တင်ယာဥ်နဲ့ တင်ဆောင်လာတဲ့ပစ္စည်းတွေကို စစ်ဆေးတာမရှိဘဲ ဂိတ်ကြေးငွေကိုတာ ဦးတည်တောင်းခံနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်-မန္တလေးကုန်ပို့ဆောင်ခအနေနဲ့ ၁ တန် ၅၅,၀၀၀ ကျပ်ရရှိပြီး ၂၂ ဘီး တွဲကားတစီးကို ၃၅ တန်ထိ တင်ဆောင်နိုင်တာကြောင့် ကျပ် ၁၉ သိန်း ကျော်ရရှိပေမယ့် ခရီးစဥ်တခြမ်းစာအတွက် စက်သုံးဆီဖိုးကျပ် ၁၀ သိန်းခန့်၊ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်ခေါက်ကြေးနဲ့စားစရိတ်အတွက် ကျပ် ၃ သိန်းကျော်၊ ခရီးစဥ်တလျှောက်စစ်ဆေးရေးဂိတ်ကြေး ကျပ် ၄ သိန်းခွဲ စုစုပေါင်းကုန်ကျငွေ ကျပ် ၁၈ သိန်းဝန်းကျင်အထိ ပြန်လည်ကုန်ကျနေတာကြောင့် တွက်ခြေမကိုက်ဘူး လို့ ဆိုပါတယ်။

” ကားတိုင်းကားတိုင်းက ဘာခေါင်းစဥ်နဲ့မှမလာဘဲ ကောက်နေတာဆိုတော့ ဘယ်လိုဖြစ်လာလည်းဆိုတော့ တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ဒါက တောက်လျှောက်ပါဘဲ တသက်လည်းဖြစ်နေတာ။ လက်ရှိမိုးတွင်းမှာ ကုန်တွေလည်းတအားပါးတယ်။ သွားလို့လာလို့မရဘူး။ ဒေသထွက်ကုန်တွေလည်း စိုက်တုန်းပျိုးတုန်းမရှိတာဆိုတော့ မရှိဘူး။ ကားတွေက ကုန်မရှိဘဲ ခါလီနဲ့သွားလာနေရ အပြန်ခါလီလည်းပေးရ အသွားလည်းပေးရဆိုတော့ ရှုံးနေပြီးလေ ဒါကြောင့်ရပ်ရတာ”လို့ အထက်ပါလုပ်ငန်းရှင်က ပြောပါတယ်။

လက်ရှိမှာ မိုးတွင်းကာလဖြစ်တာကြောင့် ကုန်စည်ရှားပါးတဲ့အပြင် စစ်ဆေးရေးဂိတ်တွေရဲ့ ဂိတ်ကြေးတောင်းခံမှုများပြားတာတွေကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ခက်ခဲနေတာပြီး ရပ်နားထားရတဲ့ကုန်ကားအစီးရေ ခန့်မှန်း ၂၀၀ ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။

ကုန်တင်ယာဥ်တွေရပ်နားရမှုများလာပါက ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်တွေ အခက်တွေ့နိုင်ပြီး ကုန်စျေးနှုန်းတွေလည်း ယခုထက်ပိုမိုမြင့်တက်တာ၊ ကုန်ပစ္စည်းပြတ်လပ်တာမျိုးတွေထိ ဖြစ်လာနိုင်ကာ အခြေခံလူတန်းစားပြည်သူတွေ စားဝတ်နေရေးကျပ်တည်းလာကြမှာလို့ ၎င်းက ဆိုပါတယ်။

” ကုန်စည်စီးဆင်းမှုရပ်သွားမှာပေါ့။ အမတို့မှ မကိုက်တာကြီးကို။ ကားအုံနာ(ပိုင်ရှင်) တွေမကိုက်ဘူးဆိုရင် ကားဆရာတွေခေါက်ကြေးမရဘူး။ ကားဆရာတွေလည်းမဆွဲနိုင်ဘူး။ အုံနာတွေလည်းရပ်၊ ကားဆရာတွေလည်း အလုပ်လက်မဲ့ဖြစ်တယ်” လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်-မန္တလေးလမ်းဟောင်းအပါအဝင် နိုင်ငံအနှံ့မြို့ကြီးတွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရေးဂိတ်တွေများပြားလာပြီး လမ်းမကြီးတွေပေါ် ဖြတ်သန်းမောင်းနှင်တဲ့ ကုန်စည်တင်ယာဥ်၊ ခရီးသည်တင်ယာဥ်တွေနဲ့ အိမ်စီးကားတွေကို အကြောင်းအမျိုးမျိုးနဲ့ ဂိတ်ကြေးငွေတောင်းခံနေတယ်လို့ လမ်းပိုင်းအသုံးပြုသူတွေထံက သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။