ဘုတလင်မှာ ၂ ရက်အတွင်း ပြည်သူ ၅ ဦး မိုင်းထိ

0 4
0 4

ဘုတလင်၊ မတ် ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ မတ်လ ၅ ရက်နဲ့ ၆ ရက်အတွင်း ဒေသခံပြည်သူ ၅ ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၅ ရက်က ဘုတလင်မြို့ရဲ့ အနောက်တောင်ခြမ်းရှိ တောတိုက် ၂ နေရာမှာ ဒေသခံအမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ မတ်လ ၆ ရက်မှာတော့ ဘုတလင်မြို့၊ ကျွဲတဲရွာအနီးမှာ အမျိုးသား ၂ ဦးတို့ အသီးသီး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရခဲ့ကြတာလို့ Myammar Defence Force ရဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

“မြို့အနီးက တောတိုက်တွေနဲ့ ပြည်သူတွေ သွားလာတဲ့လှည်းလမ်းတွေ၊ တောတိုက်တွေက ခြေလျင်လမ်းတွေမှာ နင်းမိုင်းတွေ ထောင်ထားတာပါ။ အလုံးရေက ရာဂဏန်းတော့ ရှိမယ်မှန်းတယ်။ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်ဆိုတဲ့ သတင်းထွက်ပြီးကတည်းက နင်းမိုင်းတွေ စထောင်တာ” လို့ ပြောပါတယ်။

မိုင်းနင်းမိသူတွေအနေနဲ့ ထိခိုက်ဒဏ်ရာသာ ရရှိခဲ့တာကြောင့် လက်ရှိမှာ သူတို့ကို ဆေးကုသပေးနေကာ နာမည်နဲ့ နေရပ်ကိုတော့ လုံခြုံရေးအခြေအနေကြောင့် ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

ဒေသခံ PDF တွေက မြို့သိမ်းတိုက်ပွဲဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စစ်ကောင်စီတပ်တွေက ခုလိုမြို့တပတ်လည်မှာ မိုင်းတွေထောင်ထားတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ခန့်မှန်းပေမယ့် ဒီမိုင်းတွေကို ဘယ်အဖွဲ့အစည်းက ထောင်ထားလဲ ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီနင်းမိုင်းတွေကို ဒေသခံလယ်သမားနဲ့ စျေးသည်တွေ သွားလာနေတဲ့ တောတိုက်တွေထဲက လှည်းလမ်းတွေနဲ့ ခြေလျင်လမ်းတွေမှာ ထောင်ထားတာဖြစ်ပြီး၊ လက်ရှိမှာ Myanmar Defence Force နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပေါင်းပြီး မိုင်းရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မတ်လ ၆ ရက် မနေ့ကမနက်၉ နာရီလောက်မှာလည်း ဘုတလင်မြို့ရဲ့အရှေ့ခြမ်း ၆ မိုင်အကွာလောက်က ကံသစ်ရွာအနီးမှာ အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံမဟာမိတ်တပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။