PDF စခန်း စီးနင်းခံရချိန် စွန့်လွှတ်မိုင်းတွေ ကွဲလို့ စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်

0 5
0 5

ယင်းမာပင်၊ မတ် ၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ယင်းမာပင်ခရိုင် PDF တပ်ရင်း ၂၇ ရဲ့ တပ်ခွဲ-၁ ဖြစ်တဲ့ အမိမြေတော်လှန်ရေး တပ်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းချိန် စွန့်လွှတ်မိုင်းတွေ ကွဲလို့ ထိခိုက်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့ပေါ်ကနေ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မတ်လ ၄ ရက်နေ့ မနက်ပိုင်းက ယင်းမာပင် PDF စခန်းအနီးကို ရောက်ရှိလာပြီး ညနေ ၄ နာရီလောက်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလို PDFစခန်းကို စီးနင်းမီးရှို့နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စခန်းအတွင်းထောင်ထားတဲ့ စွန့်လွှတ်မိုင်းတွေ ကွဲလို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတွေ ရှိခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက မြေလတ်အသံကို ပြောပါတယ်။

“စစ်ကြောင်းထွက်ရင်းနဲ့ စခန်းနဲ့ ထိပ်တိုက်တိုးတဲ့ ပုံစံဗျ။ စခန်းစွန့်ခွာရတော့မှာမို့ စွန့်ခွာမိုင်း ထောင်ခဲ့ဖို့ကိုတော့ ပြင်ဆင်ချိန်တော့ရအောင် ကြိုးစားခဲ့တယ်။ သေဆုံးတဲ့အထိတော့ မသိရပေမယ့် သူတို့ စခန်းကို မီးရှို့ဖျက်ဆီးချိန် မိုင်းကွဲလို့ အထိအခိုက်ရှိနိုင်တယ်” လို့ ယင်းမာပင်ခရိုင် PDF တပ်ရင်း ၂၇၊ တပ်ခွဲ ၁ တာဝန်ရှိသူ ရဲဘော်မင်းကိုက ပြောပါတယ်။

စခန်းကို ချဉ်းကပ်လာချိန်ထဲက ဆုတ်ခွာဖို့ ပြင်ဆင်ခဲ့တဲ့အတွက် လက်နက်ခဲယမ်း ဆုံးရှုံးမှုနဲ့ ရဲဘော်တွေဘက်က ထိခိုက်မှုမရှိပေမယ့် စခန်းအသုံးအဆောင်တွေနဲ့ ရိက္ခာတွေ ဖျက်ဆီးခံခဲ့ရလို့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အကူညီတချို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့ဟာ ယင်းမာပင်မြို့နယ်မှာ မကြာခဏဆိုသလို တိုက်ပွဲဖော်ဆောင်လေ့ရှိပြီး ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့တုန်းကလည်း ကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။