ခက်ခဲကြမ်းတမ်းတဲ့ နွားမှောင်ခိုပို့အလုပ်တွေကို အမျိုးသမီးတွေလုပ်ကိုင်လာရ

မင်းတုန်း၊ မတ် ၁၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ထဲက ဒေသခံအမျိုးသမီးတွေဟာ နွားမှောင်ခိုပို့တဲ့ လုပ်ငန်းတွေမှာပါ ပါဝင်လုပ်ကိုင်လာနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအခြေအနေနဲ့ တိုက်ပွဲတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေဘဲ စားဝတ်နေရးခက်ခဲလာလို့ နွားမှောင်ခိုပို့တဲ့ လုပ်ငန်းတွေမှာပါ အမျိုးသမီးတွေအများစု ပါဝင်လုပ်ကိုင်လာကြရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“အရင်ကတော့ဒီဘက်ခြမ်းမှာက နွားမှောင်ခိုပို့တဲ့ လုပ်ငန်းကိုအမျိုးသားတွေကဘဲ လုပ်ကြတာ။ အမျိုးသမီးတွေက ဝင်မလုပ်ကြဘူး။ ခုကျတော့ စားဝတ်နေရေးအဆင်မပြေတော့ ငွေရလွယ်တဲ့ ဒီလုပ်ငန်းကို ဝင်လုပ်လာကြတာ။ သူတို့က ခြေလျင်နဲ့ နွားတွေကို ထိန်းကျောင်းမောင်းပို့ပေးရတာ။ အမျိုးသမီးတွေဆို ခုနောက်ပိုင်း အစုလိုက် အဲ့လိုလုပ်လာကြတာ။ တစ်ခါတလေဆို တစုမှာဆို အမျိုးသမီး ၁၀ ဦးကျော်ထိ တွေ့ရတတ်တယ်” လို့ ပြောပါတယ်။

နွားမှောင်ခိုပို့တဲ့ သူတွေဟာ မကွေးတိုင်းထဲက မြို့နယ်အနှံကနေ ကုန်သည်ဝယ်ယူစုဆောင်းထားတဲ့ နွားတွေကို ရခိုင်ရိုးမကိုခြေလျင်ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်ကစုရပ်ထိ သွားပို့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို နွားပို့တဲ့အချိန်မှာ အမျိုးသမီးတွေဟာ လူ ၁ ဦးလျင် နွားနှစ်ကောင်စီ ထိန်းကျောင်းမောင်းနှင်ပို့ဆောင်ပေးရပြီး ပို့ခအနေနဲ့ ကျပ် ၁ သိန်းဝန်းကျင်ရကြတယ်လို့ သိရပါတယ်။

နွားမှောင်ခိုပို့ချိန်မှာ အမျိုးသမီးတွေအနေနဲ့ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်တွေကိုပါ တပါတည်းသယ်ဆောင်သွားကြပြီး တောလမ်းတွေထဲမှာပင် အနားယူ ချက်ပြုတ်စားသောက် အိပ်စက်ရကာ တကြိမ်ပို့ပါက အသွားအပြန်အနည်းဆုံး တပတ်ခန့်ကြတယ်လို့ သိရပါတယ်။

မကွေးတိုင်းထဲကနေ သယ်ယူသွားတဲ့ နွားတွေကိုတော့ ကုန်သည်တွေက ရခိုင်ပြည်နယ်ထဲမှာ စုဆောင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စက်လှေတွေနဲ့တဆင့် တင်ပို့ရောင်းချကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။