စလင်း၊ ဇူလိုင် ၂၁၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ရွာသစ်ကလေးရွာကို ဇူလိုင် ၂၁ ရက် ဒီမနက် ၇ နာရီခွဲလောက်မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ စလင်းမြို့ခံတွေဆီက သိရပါတယ်။
ဆုတ်လေဦးဘက်ကလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းက အိမ်ခြေ ၆၅ လုံး၊ လူဦးရေ ၃၃၀ ဝန်းကျင်နေထိုင်တဲ့ ရွာသစ်ကလေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၄ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းက မနက်က ဆုတ်လှေဦးဘက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတယ်၊ ရှေ့တိုးလာပြီး ရွာသစ်ကလေးရွာကို မီးရှို့တာ၊ အခုလတ်တလောတော့ ၄ အိမ်မီးရှို့ခံလိုက်ရတယ်၊ လောလောဆယ် ဒေသခံတွေကတော့ စစ်ဘေးရှောင်နေရပါတယ်”လို့ စလင်းမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
ဇူလိုင် ၂၀ ရက်မနေ့က စလင်းမြို့ပေါ်ကတဆင့် ဆင်ဖြူကျွန်းမြို့ဘက်ကိုလာတဲ့ အင်အား ၂၀၀ ဝန်းကျင် ပါစစ်ကြောင်းက ဒီမနက် ၃ နာရီလောက်မှာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ညောင်ကုန်းကျေးရွာဘက်ကို အင်အား ၈၀ ကျော်၊ ဆုတ်လေဦးဘက်ကို အင်အား ၁၀၀ ကျော်ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနောက် ဆုတ်လေဦးဘက်ကိုလာတဲ့ စစ်ကြောင်းကဒေသခံကာကွယ်ရေးတပ်တွေနဲ့အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ပစ်ခတ်မှုအတွင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းကတော့ ရွာသစ်ကလေးရွာကိုမီးရှိ့ပြီးနောက် နွယ်တမယ်ရွာဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ခုလိုစစ်ကြောင်းထိုးနေတာကြောင့် ရွာသစ်ကလေးရွာ၊ မြောက်ချောင်းဖြူရွာ၊ တောင်ပိုရွာ၊ အမှူးရွာ၊ မြောင်းဂွရွာ၊ ပန်းတောရွာ စတဲ့စစ်ကြောင်းသွားတဲ့ လမ်းတလျှောက်ရွာတွေက ဒေသခံ ၂,၀၀၀ ကျော်လည်း ဘေးလွတ်ရာတိမ်းနေကြရတယ်လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။
ဇူလိုင် ၄ ရက် မနက် ၈ နာရီခွဲလောက်မှာလည်း မိုးဝန်းရွာကနေထွက်လာတဲ့ အင်အား ၁၀၀ ပါစစ်ကောင်စီစစ်ကြောင်းက ကညှပ်ရွာကိုဝင်ရောက်လာချိန်မှာ ထမင်းစားနေတဲ့ ကျေးရွာပကဖအဖွဲ့ဝင်တွေကိုတွေ့ပြီး ဝင်ရောက်ပစ်ခတ်လို့ ၁ ဦးသေဆုံးပြီး ဒေသခံတွေလည်း ဖမ်းဆီးခံလိုက်ရပါသေးတယ်။
စာတည်း – လင်း