ဒဏ်ရာရတဲ့ အလောင်းတွေကို ကား ၅ စီးနဲ့ မန္တလေးပြန်သယ်
မတ္တရာ၊ ဇူလိုင် ၂၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်က စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ကား ၅ စီးနဲ့ ဒဏ်ရာရတဲ့ အလောင်းတွေကို မန္တလေးမြို့အတွင်း ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ္တရာ-မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့နောက်တန်းအထိုင်စခန်းတွေဖြစ်တဲ့ မြကန်သာရွာနဲ့ သရက်ကိုင်းရွာအထိုင်စခန်းတွေကို တော်လှန်ရေး တပ်တွေက ဒီနေ့မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ဒီနေ့ မနက်ပိုင်းက မတ္တရာမြို့ထဲ နာရေးကားတွေအကုန် ခေါ်သွားတယ်။မန္တလေးဘက်ကို ကား ၅ စီးတောင်ထွက်သွားတယ်။ ဒီကောင်တွေ(စကစ)တော်တော်သေတယ်လို့ကြားတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲ့ဒီနောက် Y-12 နဲ့ ၁၄ ကြိမ် ၁ ခါ၊ ၁၀ ကြိမ် ၁ ခါ၊ ဂျက်ဖိုက်တာနဲ့ ၆ ကြိမ် မတ္တရာမြို့နယ်အရှေ့ ခြမ်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာထဲက မြကန်သာ ကျေးရွာဟာ စစ်တပ်ရဲ့ နောက်တန်းစခန်းအဖြစ် ဆေးကုသသူတွေပါရှိတဲ့ အဓိကနေရာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီရွာဟာ မတ္တရာမြို့နယ်က စစ်သားစုဆောင်းရေးတပ်၊ ထီးတော်မိုးတပ်ရဲ့ မြောက်ဘက်မှာရှိပြီး စစ်တပ်ကခံစစ်ကို ဒီနေရာကနေ ထပ်မံပြင်ဆင်နေတာလို့ သိရပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ်ကထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းယူဖို့ကြိုးစားနေချိန်မှာ ၎င်းတို့ရဲ့ နောက်တန်းစခန်းကို အလစ်အငိုက်ဝင်တိုက်ခံရတာလို့ သိရပါတယ်။
စစ်တပ်ကစစ်မှုထမ်းသင်တန်းဆင်းတွေ အများအပြားကို မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပို့ဆောင်ပြီး ထိုးစစ်ဆင်နေတာ ၆ လနီးပါးရှိနေပြီလို့ သိရပါတယ်။
သတင်း – ဧပရယ်