လက်ပံတန်းနဲ့ မင်းလှကကျေးရွာတွေကို စစ်ကောင်စီမီးရှို့နေ

0 37
0 37

မြေလတ်အသံ၊ ဇူလိုင် ၁၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ လက်ပံတန်းနဲ့ မင်းလှမြို့နယ်ကကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၁၁ နဲ့ ၁၃ ရက်မှာ ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၁၃ ရက် မနက် ၁၀ နာရီကျော်မှာ လက်ပံတန်းမြို့နယ်က အိမ်ခြေ ၂၀၀ ခန့်ရှိ စီတုန်းကျေးရွာကိုမီးရှို့ပြီးနောက် နေ့လယ် ၁ နာရီကျော်မှာမအူတန်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာ လို့ဆိုပါတယ်။

“ဘာတိုက်ပွဲမှမရှိပါဗျ။ စကစတွေက လက်နက်ကြီးတွေနဲ့ထုပြီး ရှို့နေတာ။ ဒီရွာတွေက မင်းလှနဲ့လက်ပံတန်း မြို့နယ်အစပ်က ရွာတွေ။ ရွာခံတွေကတော့ စစ်ကြောင်းထိုးလာတာကိုသိထားလို့ ကြိုတင်ထွက်ပြေးသွားကြတယ်”လို့ လက်ပံတန်းဒေသခံ တော်လှန်ရေးတပ်ဖွဲ့တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အဆိုပါကျေးရွာ ၂ ရွာကို မီးရှို့ပြီးနောက် ညနေ ၄ နာရီမှာ မင်းလှမြို့နယ်ဘက်ကို တပ်ဆုတ်သွားခဲ့ပြီး မီးရှို့ခံရတာကြောင့် စီတုန်းကျေးရွာမှာ နေအိမ် ၅၀ ခန့်မီးလောင်ပျက်စီးခဲ့သလို မအူတန်းကျေးရွာမှာတော့ တရွာလုံးနီးပါး ပျက်စီးသွားခဲ့တယ်လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ မင်းလှမြို့နယ်ကို တပ်ဆုတ်သွားခဲ့ပေမယ့် ရွာခံပြည်သူတွေအနေနဲ့ ကျေးရွာထဲကိုပြန်မဝင်နိုင်ကြသေးဘဲ ရွာအနီး တောစပ်တွေမှာ ခိုလှုံနေကြရတယ်လို့သူကဆိုပါတယ်။

အဆိုပါကျေးရွာ ၂ ရွာကို ဝင်ရောက်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းလှမြို့နယ်ကို ဇွန် ၂၀ ရက်ကစတင်ကာ ဇူလိုင် ၁၃ ရက်အထိ ထိုးစစ်ဆင်နေတဲ့စစ်ကြောင်းထဲက ခွဲထွက်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

အလားတူဇူလိုင် ၁၁ ရက်ကလည်း မင်းလှမြို့နယ်၊ ဖားလေးကွင်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲချပြီးနောက် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၀လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ မင်းလှမြို့နယ်ပကဖက ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်တာရှိတယ်။သတင်းမထုတ်ပြန်ကြတာ။ စကစတွေအရမ်းဖိနေလို့။ ဖားလေးကွင်းရွာက ကနဦးသိရတာ ၁၀ လုံးကျော်လောက်ပဲ။ အတိအကျတော့ မသိရသေးဘူး”လို့ ပကဖပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန် ၂၀ ရက်ကစတင်ကာ စစ်အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်း ၃ ခုခွဲဖြန့်ကာမင်းလှမြို့နယ်ကို စစ်ကြောင်းထိုးဝင်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာ ၁၁ ရွာကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၂၀၀ ခန့်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

မီးရှို့ခံရတဲ့ကျေးရွာတွေမှာ တောင်ပြတ်ရွာသစ်၊ ရွေးကုန်း၊ ဦးတိုကျွဲလမ်းစု၊ ဗိုလ်တထောင်၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်၊ ငလှစမ်း၊ စမ်းဘုတ်၊ ခွက်မ၊ ကျွဲမကိုင်းစတဲ့ ကျေးရွာတွေဖြစ်ကြပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။