⁩ ⁨ရွှေဘိုမြို့က ပုဂ္ဂလိကဆေးရုံတွေ ရက်အကန့်သတ်မရှိ အပိတ်ခံရ

0 21
0 21

■ စစ်တပ်လူကြီးမိသားစုဝင် တဦးသေဆုံးမှုကြောင့်ဟု သတင်းတွေထွက်ပေါ်

ရွှေဘို၊ နိုဝင်ဘာ ၁၀၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ပုဂ္ဂလိက ဆေးရုံတွေအားလုံး ရက်အကန့်သတ်မရှိ အပိတ်ခံထားရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က စတင်ပြီး အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အမိန့်နဲ့ ပုဂ္ဂလိကဆေးရုံတွေအားလုံး ပိတ်ထားဖို့နဲ့ ညွန်ကြားချက် တစုံတရာမရမချင်း ပြန်လည်ဖွင့်လှစ်ခွင့်မရှိကြောင်း အမိန့်ထုတ်ပြီး ပိတ်ခိုင်းထားတာလို့ ဆိုပါတယ်။

“ရက်အကန့်အသတ်မရှိ ပိတ်ထားတာ ဟုတ်တယ်။ ဒါပေမယ့် သူတို့ လိုက်နေကြတယ်။ မွေးဖွားခွင့်တွေ မဟုတ်ဘူး အကုန်လုံးပိတ်ခံရတာ။ ကျန်းမာရေးကိစ္စဘာမှ လုပ်လို့မရဘူး။ ဆေးကုသခွင့်ကို ပိတ်ထားတာ”လို့ မြို့ခံတဦးက ပြောပါတယ်။

ပုဂ္ဂလိကဆေးရုံတွေကို ပိတ်ခိုင်းတာက စစ်တပ်ဘက်က ရာထူးကြီးပိုင်းမိသားစုဝင်တဦး ဆေးကုသစဥ် သေဆုံးခဲ့တာကြောင့်လို့ သတင်းတွေ ထွက်ပေါ်နေသလို ပြန်လည်စိစစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရက်အကန့်အသတ်မရှိ ဆေးရုံပိတ်ခံရခြင်းနဲ့ပတ်သက်လို့ မြေလတ်အသံက ရွှေဘိုမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံတွေကို ဆက်သွယ်မေးမြန်ခဲ့ရာ ဆေးရုံတချို့က နိုဝင်ဘာလ ၈ ရက်နေ့က တရားဝင်စာလက်ခံရရှိကြောင်းနဲ့ ဆေးရုံပိတ်ရခြင်း အကြောင်းအရင်းကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပြီး၊ ဆေးရုံအများစုရဲ့ ဖုန်းတွေကတော့ ခေါ်ဆိုလို့ မရခဲ့ပါဘူး။

“မေခကတော့ ပိတ်ထားတယ်။ မေခက ရက်အကန့်သတ်မရှိ ပိတ်ထားတယ်။ မေခရှေ့တောင် ရောက်ခဲ့သေးတယ်။ ရက်အကန့်သတ်မရှိ ပိတ်တယ်ဆိုပြီး စာပါကပ်ထားတာ။ ဘာကြောင့် ပိတ်တယ်ဆိုတာတော့ မသိဘူး”လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

ပုဂ္ဂလိက ဆေးရုံတွေပိတ်ခံရလို့ မြို့နယ်အတွင်းက ကျန်းမာရေးပြဿနာရှိတဲ့ ပြည်သူတွေက ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံကိုသာ အားကိုးရပြီး ငွေကြေးတတ်နိုင်သူတွေကတော့ မန္တလေးရှိ ပုဂ္ဂိလကဆေးရုံတွေမှာ သွားရောက်ကုသနေကြတယ်လို့ ဆိုပါတယ်။

ရွှေဘိုမြို့ပေါ်မှာ ရွှေပလောင်၊ မေခ၊ အောင်မြေ၊ ရွှေစံပြဆိုတဲ့ ပုဂ္ဂလိက ဆေးရုံ ၄ ခုရှိပြီး ရွှေပလောင်ကတော့ ဆေးရုံဖွင့်ထားတာ ၄ နှစ်ကျော် သာရှိသေးပြီး ကျန်ဆေးရုံတွေကတော့ ဖွင့်ထားတာကြာပြီလို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။