မြိုင်၊ မေ ၂၄၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ဘက်ပိုင်းကစစ်ရှောင်ပြည်သူတွေ အဓိကထား အသုံးပြုနေရတဲ့ သောက်သုံးရေကန်တွေမှာ ရေစတင်ခမ်းခြောက်လာတာကြောင့် သောက်သုံးရေအတွက် အခက်ကြုံနေရတယ်လို့ သိရပါတယ်။
မိုးနည်းဒေသဖြစ်တဲ့အတွက် စစ်ရှောင်တွေအသုံးပြုနေတဲ့ သောက်သုံးရေကန်တွေဟာ မတ်လမှ စတင်ခမ်းခြောက်နေပြီး ယခုမေလအတွင်း မိုးရွာသွန်းမှုရှိပေမယ့် အနည်းငယ်သာရွာတာကြောင့် အဆိုပါကန်တွေအတွင်း ရေမဝင်ရောက်နိုင်ဘဲ သောက်သုံးရေရှားပါးနေတာပါ။
စစ်ရှောင်တွေနေထိုင်တဲ့ တောတိုက်တွေအနီးကရေကန်တွေမှာ ရေခမ်းခြောက်နေတာကြောင့် ၂ မိုင်ခန့်အကွာအဝေးရှိ ရေကန်တွေမှာခပ်ယူနေရပေမယ့် အဲ့ဒီရေကန်တွေမှာလည်း ရေနည်းနေပြီး လူသုံးများတာကြောင့် သောက်သုံးရေအတွက် အလုံအလောက်မရရှိပါဘူး။
ယခင်နေခဲ့တဲ့ကျေးရွာတွေအတွင်း ရေတွင်းတွေရှိပေမယ့်လည်း ပျူစောထီးတပ်စွဲထားတဲ့ရွာတွေနဲ့နီးနေတဲ့အပြင် စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းနဲ့တွေ့မှာဆိုးတဲ့အတွက်ကျေးရွာထဲကို ရေပြန်မခပ်ရဲကြဘူးလို့လည်းဆိုပါတယ်။