မြေလတ်အသံ၊ မေ ၂၃၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ကပစ်ချလို့ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရတဲ့စစ်ကောင်စီဖွဲ့ဝင်တွေထဲမှာ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်သား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါဝင်တယ်လို့ ရွှေတောင်မြို့နယ်အတွင်းက ဒေသခံတော်လှန်ရေးတပ်ဖွဲ့ အရာရှိတဦးက ပြောပါတယ်။
MI-17 ရဟတ်ယာဉ်မောင်းသူ ဗိုလ်မှူးမျိုးထက်အောင်နဲ့ တပ်ကြပ်ကြီးသက်ဝေဦးတို့ ဖြစ်ကြပြီး ၎င်းတို့ ၂ ဦးမှာ ရွှေတောင်မြို့နယ်၊ ဖိုးခေါင်နဲ့ ကံပေါက်ကုန်းကျေးရွာက ဖြစ်တယ်လို့ ဆိုပါတယ်။
“မျိုးထက်အောင်က ဖိုးခေါင်(ရွာ)သား။ သက်ဝေဦးက ကံပေါက်ကုန်း(ရွာ)သားဗျ။ သူတို့ ၂ ယောက်ကို ကျနော်တို့ ဖမ်းဆီးတာပဲဖြစ်ဖြစ် ရှင်းလင်းတာပဲဖြစ်ဖြစ်လုပ်ဖို့ စီစဉ်ခဲ့ဖူးတယ်။ ကျနော်ကလည်း ရွှေတောင်သားဆိုတော့ သူတို့အကြောင်းသိတာပေါ့နော်။” လို့ ရွှေတောင်မြို့နယ်အတွင်းက ဒေသခံတော်လှန်ရေးတပ်ဖွဲ့တခုရဲ့ အရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့မေ ၂၀ ရက်က ဗန်းမော်မြို့ စကခ ၂၁ ကို စစ်ကူ၊ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ လာပို့ပေးတဲ့ ထောက်ပို့ရဟတ်ယာဉ် ၃ စီးကို KIA ကပစ်ခတ်ခဲ့ရာ ၁ စီးမှာ ရွှေကူမြို့နယ်၊ မြို့လှမြို့နယ်ခွဲ၊ စည်ငန်းရွာအနောက်ဘက်ရှိ တောထဲမှာပျက်ကျပြီးမီးလောင်ခဲ့တာပါ။

အဲဒီစစ်ရဟတ်ယာဉ်ပျက်ကျမှုအနီးမှာတော့ မီးလောင်ပျက်စီးနေတဲ့ရုပ်အလောင်း ၁၈ လောင်းကို တွေ့ခဲ့တယ်လို့ KIA ကအတည်ပြုပြောဆိုထားပြီး အဲ့ဒီထဲမှာဗိုလ်မှူးမျိုးထက်အောင်နဲ့ တပ်ကြပ်ကြီး သက်ဝေဦးတို့ပါဝင်ခဲ့တာလို့ ရွှေတောင်မြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။