မြင်းခြံ၊ ဇူလိုင် ၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြို့သာဘက်ကနေ ငါန်းဇွန်မြို့နယ်ရှိ စစ်ကောင်စီအထိုင်စခန်းတွေကို လက်နက်နဲ့ ရိက္ခာပို့လာတဲ့စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး ရိက္ခာကား ၂ စီးနဲ့ စစ်သုံ့ပန်း ၂ ဦးဖမ်းဆီးထားတယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် ဆီက သိရပါတယ်။
ဇူလိုင် ၃ ရက်မနေ့က မြို့သာဘက်ကနေ စမိတ်ခုံရွာ၊ ငါးမြှာကြီးရွာ၊ ဆုံရွာနဲ့ ဂွေ့ကြီးရွာဘက်ဆီ လက်နက်နဲ့ရိက္ခာတွေတင်လာတဲ့ကား ၅ စီးကို အင်အား ၁၀၀ ပါ စစ်ကြောင်းကလုံခြုံရေးပေးပြီး စစ်ကြောင်းထွက်လာချိန် ကြိုတင်သတင်းရတဲ့အတွက် ငါန်းဇွန်မြို့နယ်နဲ့ မြင်းခြံမြို့နယ်အစပ်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” ကား ၅ စီးကို ဘယ်ညာချန်ရံပြီး တက်လာတဲ့ စစ်သားတွေက ကျနော်တို့နဲ့ထိပ်တိုက်တွေ့တယ်။ ကျနော်တို့ မိုင်းတွေကာထားတာ။ သူတို့ကမိုင်းတွေမြင်သွားပြီး ကစဥ့်ကလျားနဲ့ထွက်ပြေးတယ်။ သေနတ်တွေလည်း ပစ်ဖောက်တယ်။ လျှိုတွေထဲဝင်သွားတယ်၊ ကျနော်တို့က စနိုက်ပါနဲ့ထောက်တယ်။ ပထမဆုံးမှန်တဲ့သူက စစ်ကြောင်းမှူးဗျ။ ယူနီဖောင်းပါတယ်”လို့ ဗိုလ်သက်ကြီးက ပြောပါတယ်။
အဲဒီနောက် စစ်ကြောင်းဟာ ရိက္ခာကား ၂ စီးကို အကာအကွယ်ယူကာ လက်နက်ခဲယမ်းကားကို ပြန်လည်မောင်းယူပြီး မြို့သာဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။


“ဒါတောင်မှ သေတဲ့ **တွေရဲ့ အလက်တချို့ပြန်ကောက်ပြီး တင်မောင်းသွားတာရှိတယ်။ အဲ့မှာ ကျနော်တို့က လိုက်ပစ်တော့ ကားပေါ်မှာ ၃၊ ၄ ယောက်လောက်ထပ် သေသွားတယ်”လို့ ဗိုလ်သက်ကြီး ပြောပါတယ်။
အဲ့ဒီနောက် နယ်မြေရှင်းလင်းရေးလုပ်ရာမှာ တပ်ကြပ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွ့ဝင် ၃ ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲက ၁ ဦးကတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲ့ သေနတ်ကိုလုယူခဲ့တာကြောင့် ပစ်ခတ်ခဲ့ရာသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မနက် ၇ နာရီကျော်ကနေ ၁၁ နာရီအထိ ၄ နာရီနီးပါးအကြာ တိုက်ပွဲဖြစ်ခဲ့ပြီး မြို့သာဘက်ကနေ စစ်ကောင်စီတပ်ဘက်က ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်ခဲ့သလို လေယာဉ်တက်လာတဲ့ သတင်းလည်း ရတာကြောင့် တပ်ပြန်ဆုတ်ခဲ့တယ်လို့ ဗိုလ်သက်ကြီးကပြောပါတယ်။
ဒီတိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်း ၇ (ဇီးရိုး ပျောက်ကြားတပ်)နဲ့မန္တလေးခရိုင်တပ်ရင်း ၅ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စာတည်း – မြတ်