ရေစကြို၊ နိုဝင်ဘာ ၈၊ ၂၀၂၅။
မကွေးတိုင်း၊ ရေစကြိုမြို့အထွက် ပေကုန်းရွာအနီးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာ ပေကုန်းရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့လယ် ၂ နာရီဝန်းကျင်မှာ ခလရ ၂၅၇၊ ၂၅၆၊ ၂၅၇ တပ်ရင်းတွေက ပူးပေါင်းအင်အား ၅၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာ ပေကုန်းရွာအနီး လမ်းကင်းယူနေချိန်မှာ ဒေသကာကွယ်ရေးတပ်တွေကတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မိုင်းကွင်းပေါ်မှာ သူတို့ ၁၀ ဦးလောက်ရှိနေတဲ့အချိန် ကျနော်တို့က မိုင်းဆွဲလိုက်တာ၊ မိုင်း ၃ လုံးဆွဲလိုက်တာ၊ ၂ ပွင့်ဗိုလ် ၁ ကောင်နဲ့ တပ်သား ၂ ဦးသေသွားတယ်၊” လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ဝေကြီးက ပြောပါတယ်။
ထိခိုက်သေဆုံးတဲ့တပ်သားတွေကိုကားနဲ့ပြန်ခေါ်သွားပြီး နိုဝင်ဘာ ၈ ရက်ဒီမနက်ပိုင်းမှာ နာရေးလုပ်တယ်လို့သိရကြောင်း ရေစကြိုပကဖခေါင်းဆောင်ဝေကြီးက ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကော်မရှင်တပ်တွေဘက်က ပြန်လည်ပစ်ခတ်လို့ ဒေသခံပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ ပေကုန်းရွာက နေအိမ် ၃ လုံးကိုလည်း မီးရှို့သွားတယ်လို့ ဆိုပါတယ်။
“ဒီကနေ့အခြေအနေကတော့ အေးဆေးပါ။ ဖြစ်တဲ့နေ့ကတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့တောက်လျှောက်ပစ်တာ၊ ပြည်သူ ၂ ဦးဒဏ်ရာရတယ်။ တဲ ၃ လုံးလည်းမီးရှို့သွားတယ်။ မီးရှို့ခံရတာက ပေကုန်းကျေးရွာက တဲ ၃ လုံးပါ။ အဲ့ဒီရွာက တိမ်းရှောင်ရတာမျိုးတော့ မရှိဘူး။” လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်ကလည်း ရေစကြိုမြို့ ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးကနေ ခဲယမ်းတွေတင်ဆောင်လာတဲ့ ကား ၁၀ စီးကို ရေစကြိုမြို့နယ် ပကဖက တိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း – လင်း
