ချောင်းဦး၊ အောက်တိုဘာ ၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဆီမီးသပိတ်ပြုလုပ်နေချိန် စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် လူ ၂၀ ကျော်သေဆုံးပြီး ၄၀ ခန့်ဒဏ်ရာရသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
အောက်တိုဘာ ၆ ရက် (သီတင်းကျွတ်လပြည့်နေ့) ည ၈ နာရီခန့်မှာ ချောင်းဦးမြို့နယ်၊ ဗုံတိုကျေးရွာအနီး ဒေသတွင်းသပိတ်အဖွဲ့တွေနဲ့ ပြည်သူတွေစုပေါင်းပြီး ဆီမီးသပိတ် ပြုလုပ်နေချိန် မုံရွာနမခက တက်လာတဲ့ ပါရာမော်တာက ၁၂၀ မမ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ သပိတ်ပြုလုပ်နေတဲ့လူအုပ်ကြားထဲပေါက်ကွဲပြီး ထိခိုက်သေဆုံးသူများခဲ့တာလို့ ဆိုပါတယ်။

” မလုပ်တာလည်းကြာပြီဆိုတော့ လူကစုံနေတာ။ ပါရာမိုတာလာတာကို လေကြောင်းသတိပေးနေတာကို မကြားလိုက်တာနေမယ်။ တည့်တည့်ကျတာ ၁၂၀ နှစ်လုံး။ လူအုပ်ထဲကို ကျတာ။ လူကများတယ်ရာဂဏန်းထိရှိတယ်။ အနည်းဆုံး ၃၀၀ ကျော်လောက်ရှိမယ်။ ပွဲထဲကျတာ”လို့ မုံရွာခရိုင်ဒေ သကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆီမီးသပိတ်ကို ညနေ ၃ နာရီကျော်လောက်ကတည်းက ပြုလုပ်နေတာဖြစ်ပြီး ပွဲလုပ်ချိန်ကြာမြင့်သွားတာဖြစ်သလို လာရောက်ကြည့်ရှု့သူတွေလည်းများလို့ စစ်ကောင်စီသတင်းပေးတွေက သတင်းပေးလို့ ဗုံးလာကြဲတာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဗုံးကြဲခံရလို့ ညောင်ပင်၊ ဗုံတို၊ သစ်ဆိပ်၊ ဝယားတိုအပါအဝင် ကျေးရွာတွေက ၂၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အောက်ကလေးငယ်၊ CDM ကျောင်းဆရာ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ကျောင်းသားတွေပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၄၀ ကျော်ရှိခဲ့ပြီး ထိခိုက်သူတွေထဲမှာ လုံခြုံရေးယူပေးနေတဲ့ ဒေသကာ ကွယ်ရေးအဖွဲ့ဝင်၊ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ထိခိုက်သေဆုံးသူများပြားနေတာကြောင့် သေဆုံးထိခိုက်သူတွေရဲ့အချက်အလက်တွေကို လတ်တလောမှာ ကောက်ယူနိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။

ဗုံးကြဲခံရပြီးနောက် ထိခိုက်သေဆုံးသူတွေကို ကူညီဆောင်ရွက်ပေးနေကြချိန် ည ၁၁ နာရီခန့်မှာ ပါရာမိုတာနဲ့နောက်ထပ် ၁ ကြိမ် ဗုံး ၂ လုံးကြဲချခဲ့သေးရာ လူထိခိုက်တာမရှိပေမယ့် စာသင်ကျောင်း ၁ ဆောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲလို့ ထိခိုက်သူဆုံးသူတွေထဲမှာ ခြေပြတ်လက်ပြတ် အသားစကြေမွတာတွေပါဝင်နေလို့ အောက်တိုဘာ ၇ ရက်နေ့မနက်ပိုင်းထိ ရှင်းလင်းရေးဆက်လုပ်နေကြရသေးတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၁ ရက်ကလည်း ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာမှာ အလက ကျောင်းအနီးစစ်တပ်ပစ်တဲ့ လက်နက်ကြီးကျလို့ ကျောင်းသူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ