မြေလတ်အသံ၊အောက်တိုဘာ ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မော်လိုက်မြို့နယ်အတွင်းက စစ်ကော်မရှင်တပ်စခန်း ၆ ခုကို ၂ လအတွင်း သိမ်းပိုက်ရရှိခဲ့တယ်လို့ မော်လိုက်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းဖွဲ့စည်းထားတဲ့ မော်လိုက်တော်လှန်ရေးအင်အားစုက အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာလတွေအတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ပျူစောထီးတပ်ဖွဲ့တွေ ပူးပေါင်းအထိုင်ချတပ်စွဲနေတဲ့ ထော်သာ၊ တောင်းအင်၊ ညောင်ဝန်း၊ နောင်ပိန်း၊ အော်ဇီးခုံ၊ နားပင်ရွာစခန်းတွေကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ထော်သာရွာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးနဲ့ ထွက်ပြေးသွားတဲ့ပျူစောထီးတွေရဲ့မိသားစုဝင် စုစုပေါင်း ၂၀၀ နီးပါးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

“သိမ်းပိုက်ထားတဲ့ စစ်ကော်မရှင်တပ်စခန်း ၆ခုရဲ့တိုက်ပွဲအခြေအနေအသေးစိတ်တွေကို အမှတ် ၁ စစ်ဒေသက ဆက်လက်ထုတ်ပြန်သွားမှာဖြစ်တယ်”လို့ မော်လိုက်တော်လှန်ရေးအင်အားစု တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
“သိမ်းငှက်စစ်ဆင်ရေး” လို့အမည်ပေးထားတဲ့ အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်စခန်း ၆ ခုအထိသိမ်းပိုက်ရရှိခဲ့ပြီး စခန်း ၆ ခုအနက် ထော်သာရွာစခန်းဟာ ပျူစောထီးအားကောင်းတဲ့စခန်းဖြစ်ကာ ခမရ ၃၆၆၊ ရှေ့တန်းတပ်မ ၈၈ လက်အောက်တပ်ရင်းတွေနဲ့ ရွာခံပျူစောထီးတွေ ပူးပေါင်းတပ်စွဲနေတာလို့ ဆိုပါတယ်။

ထော်သာပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင် အဲပန်အပါ ပျူစောထီးမိသားစုဝင် ၁၉၀ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို ၆၀ မမ စိန်ပြောင်း၊ RPG အပါအဝင် လက်နက်မျိုးစုံ ၂၃ လက်၊ ခဲယမ်းနဲ့ ငွေကျပ် သိန်း ၁၅၀ ကျော်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သြဂုတ် ၂၁ ရက်မှာထုတ်ပြန်ပါတယ်။
ဒါ့အပြင် စခန်းအတွင်းက စစ်ကော်မရှင်တပ်သားအလောင်း ၃လောင်း ရရှိခဲ့ပြီး စစ်သားနဲ့ပျူစောထီး ၉ ဦးထိခိုက်ဒဏ်ရာရရရှိခဲ့ကာ ပျူစောထီး ၂၀ ဦးခန့် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
သိမ်းငှက်စစ်ဆင်ရေးစခန်းသိမ်းတိုက်ပွဲတွေကို မော်လိုက်ခရိုင်တပ်ရင်း ၁၊၂၊ ၃၊ ၄ မော်လိုက်နဲ့ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)၊ ခရိုင်ကွပ်ကဲရေးရုံးတိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းဖော်ဆောင်ခဲ့တာလို့သိရပါတယ်။