မြေလတ်အသံ၊ ဇူလိုင် ၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့၊ တပ်ရင်းတွေဆီကို SNA တပ်သား ၂၆ ဦးနဲ့ စစ်ကောင်စီတပ်သား ၃ ဦးတို့ လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အထက်ပါဘက်ပြောင်းလာသူ ၂၉ ဦးမှာ ဖေဖော်ဝါရီ၊ ဇွန်၊ ဇူလိုင်လတွေမှာ ဟုမ္မလင်းမြို့နယ် တော်လှန်ရေးအင်အားစု အဖွဲ့အစည်းတွေဖြစ်တဲ့ ခန္တီးခရိုင် အမှတ် ၁၊ ၂၊ ၃၊ ၄ တပ်ရင်းတွေနဲ့ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၃ ပကဖ၊ တိုက်နယ် ၅ ပကဖ တို့ဆီကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။



ဖေဖော်ဝါရီ ၂ ရက်မှာ ရှမ်းနီအမျိုးသားတပ်မတော်-SNAရဲ့ ၇၅၃ တပ်ရင်းမှ တပ်သား ၉ ဦးမှာ လက်နက် ၆ လက်နဲ့အတူ ဟုမ္မလင်းမြို့နယ် တိုက်နယ် ၃ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံချိတ်ဆက်ပြီး ဘက်ပြောင်းလာခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၅ ရက်မှာလည်း မြို့နယ်ပကဖထံကို ရန်ကုန်ဂျိုးဖြူ အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်းနဲ့ တောင်ကြီးကျိုင်းတောင်းအမှတ် ၃ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေက စစ်မှုထမ်းသင်တန်းဆင်း ၂ ဦးဘက်ပြောင်းခိုလှုံခဲ့ပါတယ်။



ဒါ့အပြင် ဇူလိုင် ၁ ရက်မှာ ခန္တီးမြို့နယ်အခြေစိုက် ခလရ ၅၂ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁ ဦးမှာ ကလေးငယ်အပါအဝင် မိသားစု ၃ ဦးနဲ့အတူ ဟုမ္မလင်းမြို့နယ်ပကဖထံ လက်နက်နဲ့အတူ ဘက်ပြောင်းလာခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အလားတူ နောက်ထပ်လက်နက်နဲ့အတူဘက်ပြောင်းခိုလှုံလာတဲ့ SNA တပ်သား ၁၇ ဦးကိုလည်း ဂုဏ်ပြုဆုငွေပေးအပ်ပွဲကိုလည်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရဲ့ ပင်လုံခန်းမမှာ ဇူလိုင် ၅ ရက်က ကျင်းပခဲ့ပါတယ်။



စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့အတွက်ကျန်နေသေးတဲ့ စစ်ကောင်စီတပ်နဲ့ SNA တပ်ဖွဲ့ဝင်တွေ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသအတွင်းရှိ နီးစပ်ရာတပ်ရင်းတပ်ဖွဲ့တွေထံဆက်သွယ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။



အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ စစ်ရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ တနှစ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂၅ ဦး၊ ရဲ ၁၄၂ ဦး၊ စုစုပေါင်း ၅၆၇ ဦး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့သိရပါတယ်။



စာတည်း – လင်း