ကျပ်သိန်း ၇,၀၀၀ တန်ဖိုးရှိကြောင်း ပိုင်ရှင်တွေပြော
ဝက်လက်၊ ဇူလိုင် ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း PDF စစ်ဆေးရေးဂိတ်တခုမှာ ကျောက်စိမ်းတွေ လုယက်ခံခဲ့ရပြီး ရက် ၂၀ ကျော်ကြာအထိ ပျောက်ဆုံးနေတယ်လို့ ပစ္စည်းပိုင်ရှင်တွေနဲ့ အခင်းဖြစ်နေရာမှာရှိနေသူတွေထံက သိရပါတယ်။
ဇွန် ၁၈ ရက်မှာ ဖားကန့်ကနေ မန္တလေးကိုထွက်ခွာလာတဲ့ ခရီးသည်တင်ကားတစီးမှာ လူမဲ့တန်ဆာနဲ့တင်ဆောင်လာတဲ့ ကာလတန်ဖိုး ကျပ်သိန်း ၇,၀၀၀ ခန့်ရှိ ပီနံ ၈၈ ထုပ်နဲ့ ကျောက်စိမ်းပိဿာချိန် ၁,၁၀၀ ခန့် (၂ တန်ခန့်)ကို ရွှေဘို-မန္တလေးလမ်းပိုင်း ဝက်လက်မြို့နယ်၊ ရွာသာကြီး(ရသာကြီး)ကျေးရွာအနီး ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တတိယမြောက်စစ်ဆေးရေးဂိတ်မှာ လက်နက်ကိုင်လူတစုရဲ့ လုယက်တာကိုခံခဲ့ရတာလို့ ဆိုပါတယ်။

“ ကျနော်တို့ကားကိုမြင်တာနဲ့ လက်ပြပြီးဘေးကိုကပ်ရပ်ခိုင်းတယ်။ ခဏရပ်ခိုင်းပြီး ဖုန်းဆက်နေတယ်။ ခဏနေတော့သူတို့ခေါင်းဆောင်လားမသိရောက်လာပြီး “ကားသမားဘယ်နှစ်ယောက်ပါလဲ၊ ခရီးသည်တွေ အကုန်ဆင်းဆိုပြီး” အောက်ဆင်းခိုင်းတယ်။ (ကားသမားတွေကို) ကားနောက်ထဲဝင်ထိုင်ခိုင်းပြီး မျက်လုံးတွေစည်းသွားတယ်။ ကားကိုသူတို့(လုတဲ့အဖွဲ့) မောင်းသွားတာ” လို့ လုယက်ခံရတဲ့ကားမှာ လိုက်ပါလာသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ရွာသာကြီးကျေးရွာမှာ စစ်ကောင်စီတပ်ဂိတ် ၁ ဂိတ်၊ PDF ဂိတ် ၃ ဂိတ်ရှိပြီး အခင်းဖြစ်နေရာဟာ တတိယမြောက်ဂိတ်ဖြစ်ကာ ပြောက်ကျားဝတ်နဲ့ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်လူ ၆ ဦးခန့်က လုယက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

အထက်ပါကားမှာ ယာဥ်မောင်း ၂ ဦးနဲ့ယာဥ်နောက်လိုက် ၂ ဦးလိုက်ပါလာတာဖြစ်ပြီး လုယက်သူတွေက ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်တွေကို ခေါ်ဆောင်ကာ ဝက်လက်မြို့နယ်အတွင်းတနေရာကို ကားမောင်းနှင်သွားပြီးနောက် ကျောက်စိမ်းပီနံထုပ်တွေကို ထော်လာဂျီနဲ့ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ကား၊ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေကို ရွှေဘို-မန္တလေးလမ်းပေါ်ပြန်ပို့ပေးခဲ့သလို စစ်ဆေးရေးဂိတ်မှာကျန်နေတဲ့ ခရီးသည်တွေကိုလည်း ကားရှိရာနေရာဆီ ဆိုင်ကယ်တွေနဲ့ခေါ်လာပြီးနောက် ကားကိုဆက်လက်မောင်းနှင်ခိုင်းကာ ဘောဂမဏ္ဍိုင်စက်သုံးဆီဆိုင်အနီးအထိ အနောက်ကနေ ဆိုင်ကယ်တွေနဲ့ လိုက်လာခဲ့တယ်လို့ ပြောပါတယ်။

ကျောက်စိမ်းပစ္စည်းပိုင်ရှင်တွေဟာ ဖားကန့်မြို့နေထိုင်ကာ ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ပြီး အဆိုပါလုပ်ငန်းအတွက် ကချင်လွတ်လပ်ရေးတပ်မတော်-KIA ထံ နှစ်စဥ်အခွန်ငွေပေးဆောင် လုပ်ကိုင်နေတာဖြစ်သလို မန္တလေးမြို့ကို ပို့ဆောင်တဲ့ လမ်းတလျှောက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဂိတ်တွေကို အခွန်ငွေပေးဆောင်သယ်ယူတာဖြစ်တယ်လို့ ပစ္စည်းပိုင်ရှင်တဦးက ပြောပါတယ်။
လုယက်ခံရတဲ့ပစ္စည်းတွေဟာ ပိုင်ရှင် ၁၉ ဦးရဲ့ ကျောက်စိမ်းဖြတ်စအတုံးတွေနဲ့ လက်ကောက်ကွင်းအကြမ်းထည် ကာလတန်ဖိုးကျပ်သိန်းပေါင်း ၇,၀၀၀ ခန့်ရှိကြောင်းသိရပြီး ၎င်းဖြစ်စဥ်အပေါ် ရွာသာကြီးနဲ့ ဘုရားပြန်တိုက်နယ်ပကဖအဖွဲ့တွေထံ ဇွန် ၂၃ ရက်၊ အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအ ဖွဲ့(ပအဖ)နဲ့ ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)အဖွဲ့တွေထံ ဇွန် ၃၀ ရက်တွေမှာ အသီးသီးတိုင်စာပေးပို့တိုင်ကြားပေမယ့် အကြောင်းပြန်လာတာမရှိသေးဘူးလို့ ဆိုပါတယ်။
” သူတို့အနေနဲ့ ရန်ပုံငွေလိုချင်တယ်ဆိုရင်တောင်မှ ညှိနှိုင်းပေးလို့ရတယ်။ ဒါကအယဥ်ကျေးဆုံးပြောတာပါ။ အဲ့လိုမဟုတ်ဘူးပစ္စည်းကိုတခါတည်းဖျောင်တာ”လို့ ပစ္စည်းပိုင်ရှင်တဦးက ပြောပါတယ်။
ပစ္စည်းပိုင်ရှင်တွေအနက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုမှာပါဝင်နေတဲ့ ပညာရေးCDM တဦးနဲ့ မုံရွာခရိုင်အတွင်းက PDF တပ်ရင်းတခုကို လစဥ်ထောက်ပံ့နေသူတွေလည်း ပါဝင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဝက်လက်အခြေစိုက် PDF တပ်ရင်းတခုရဲ့ခေါင်းဆောင်က အခင်းဖြစ်ပွားရာ PDF ဂိတ်ဟာ ဘုရားပြန်နဲ့ ရွာသာကြီးတိုက်နယ်အစပ်မှာရှိတဲ့ ဒေသအခေါ်ဇရပ်ဂိတ်ဖြစ်ပြီး ဗိုလ်လင်းမြွေဆိုသူ ဦးဆောင်တဲ့ဂိတ်ဖြစ်တယ်လို့ ပြောပါတယ်။
” ဇရပ်ဂိတ်ဆိုရင် အဲဒီဂိတ်က လင်းမြွေဆိုတဲ့လူဦးဆောင်တဲ့ဂိတ်ပဲ။ ပကဖလိုလို၊ ဘာလိုလိုနဲ့။ တိုက်ပွဲတခုမှမတိုက်ဘူး။ ပြည်သူဆီကပိုက်ဆံဆို ၅,၀၀၀ (ကျပ်) ဆို ၁၀,၀၀၀ တောင်းတဲ့ဂိတ်ပဲ” ၎င်းက ပြောပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ခံ ဦးနေမျိုးအောင် ကို မြေလတ်အသံကမေးမြန်းခဲ့ရာ ဖြစ်စဥ်ဖြစ်ပွားခဲ့မှုကို သိရှိထားကြောင်းနဲ့ စုံစမ်းရှာဖွေတာတွေ လုပ်ဆောင်နေကြောင်း၊ ပျောက်ဆုံးပစ္စည်းအရေအတွက်နဲ့တန်ဖိုးတွေကိုတော့ ၎င်းအနေနဲ့သိရှိခြင်းမရှိသေးကြောင်း ပြောပါတယ်။
“ ဆက်လက် စုံစမ်းဖော်ထုတ်သွားမှာ။ သတင်းမပေးဘဲ လုပ်တာဆိုတော့ သူခိုးပုံစံဘဲ။ ဘယ်အဖွဲ့တွေ လုပ်တယ်ဆိုတာကို စုံစမ်းရမယ်”လို့ ၎င်းက ပြောပါတယ်။
အထက်ပါခရီးသည်တင်ကားနဲ့တင်ဆောင်လာတဲ့ ကျောက်စိမ်းတွေပျောက်ဆုံးမှုဖြစ်စဥ်မတိုင်ခင် ရက်ပိုင်းမှာပဲ အိမ်စီးကား AD Van နဲ့တင်ဆောင်လာတဲ့ ကျောက်စိမ်းကား ၁ စီး အလားတူ ဖြစ်စဥ်မျိုး ဖြစ်ပွားခဲ့တဲ့အပေါ် စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ပကဖတာဝန်ခံက ဆိုပါတယ်။
အဆိုပါဖြစ်စဥ်ဟာ PDF စစ်ဆေးရေးဂိတ်မှာဖြစ်ပွားခဲ့တာကြောင့် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေအပေါ် ပြည်သူလူထုက ယုံကြည်မှုကင်းမဲ့လာနိုင်တယ်လို့ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ CDM ရှေ့နေအမျိုးသမီးတဦးက ပြောပါတယ်။
“ အဲ့ဒီဝက်လက်ဘက်ခြမ်းမှာဆိုလို့ရှိရင် စစ်ကောင်စီဂိတ်တွေကိုလည်း ဖြတ်ရတယ်၊ တော်လှန်ရေးအင်အားစုတွေထားထားတဲ့ ဂိတ်တွေကိုလည်း ဖြတ်ရတယ်ပေါ့နော်။ အရင်ကတည်းကလည်း ဘာသတင်းတွေကြားထားလည်းဆိုရင် စစ်ကောင်စီဂိတ်ဖြတ်တာမှ တိုးလ်ဂိတ်တဂိတ်ပဲပေးရတာ၊ ဒီဘက်အင်အားစုဘက်ကို ဖြတ်လို့ရှိရင်အများကြီး ၁၀ ဂိတ်လောက်စာပေးရတယ်ဆိုတဲ့ သတင်းတွေရှိခဲ့တယ်ပေါ့နော်။ အဲ့ဒီကြားထဲကမှ ဒီလိုမျိုးအခြေအနေမျိုးကို ထပ်ပြီးတော့ ပြည်သူလူထုဆီကို ရောက်သွားမယ်ဆိုရင် ပြည်သူလူထုကနေ တော်လှန်ရေးအင်အားစုတွေကို ယုံကြည်မှုလျော့လာနိုင်တဲ့ အခြေအနေတွေပဲ ဖြစ် လာတော့မှာပေ့ါ။ ပြီးတော့ ဒါကလုယက်မှု၊ ဓားပြမှုလို့ပြောလို့ရတယ်၊ ဥပဒေပုဒ်မနဲ့ဆိုရင် ၃၉၂ နဲ့ စွဲလို့ရတဲ့အခြေအနေဖြစ်တယ်၊ ထောင်ဒဏ်ဆိုလို့ရှိရင်လည်း ၇ နှစ်လောက်အထိ ချမှတ်လို့ရတဲ့ အခြေအနေတွေဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီတော်လှန်ရေးအင်အားစုဘက်က မိသွားခဲ့တယ်ဆိုရင် ဒီတရားရေးကို ဘယ်လိုစီစဥ်မယ်ဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာပေါ့” လို့ ၎င်းက ပြောပါတယ်။
စာတည်း -ဟိန်းစံ