မြေလတ်အသံ၊ သြဂုတ် ၈၊၂၀၂၅ ။
စစ်ကိုင်းတိုင်း၊ ယင်မာပင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြားက ၈ လေးလုံး အရေးတော်ပုံ ၃၇ နှစ် ပြည့်အခမ်းအနားကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ် သပိတ်အင်အားစုတွေက ပြောပါတယ်။
ဒီကနေ့ ဩဂုတ် ၈ ရက်ဟာ ၈ လေးလုံးအရေးတော်ပုံ ၃၇ နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး ယင်းမာပင်ကြားကာလစာသင်ကျောင်းတွေက ဆရာ၊ ဆရာမနဲ့ ကျောင်းသားတွေ၊ ဒေသခံပြည်သူတွေ၊ သပိတ်ကော်မတီဝင်တွေ ပူးပေါင်းခဲ့ကြတာလို့ဆိုပါတယ်။



” လေကြောင်းက ပါရာမော်တာ ၁ ကြိမ်၊ Mi 17 ၂ ကြိမ်ဝဲတယ်။ ဗုံးခိုကျင်းထဲ ဝင်ရတဲ့အထိပဲ။ အခမ်းအနားပြီးအောင်တော့ လုပ်ဆောင်နိုင်ခဲ့တယ်။”လို့ ယင်းမာပင်မြို့နယ်သပိတ်အင်အားစုကော်မတီဝင် CDM ဆရာမတဦးက မြေလတ်အသံကို ပြောပါတယ်။
အခမ်းအနားမှာ လူအများလေ့လာနိုင်စေဖို့ ၈ လေးလုံးအရေးအခင်း ဓာတ်ပုံမှတ်တမ်းတွေကိုပြသထားပြီး ထီး၊ရေအိုးတွေမှာ ၈၈၈၈ ရေးဆွဲဖော်ပြတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။



၈ လေးလုံးအောက်မေ့ဖွယ်အခမ်းအနားကို အစီအစဥ် ၉ ခုနဲ့ ကျင်းပခဲ့ပြီး သပိတ်ကော်မတီဝင်တွေ ဆရာနဲ့ကျောင်းသားတွေက သပိတ်အကြောင်းဟောပြောတာ၊ ကဗျာရွတ်တာတွေ စတဲ့အစီအစဥ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
၈၈၈၈ အရေးတော်ပုံ ၃၇ နှစ်ပြည့် အထိမ်းအမှတ်လူထုလှုပ်ရှားမှုတွေကို စစ်ကိုင်းတိုင်းအတွင်းက မုံရွာ၊ယင်းမာပင်၊ ဆားလင်းကြိီး၊ ဝက်လက်၊ စစ်ကိုင်းနယ်တွေအပြင် အခြားမြို့နယ်များမှာလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။