ချောက်၊ စက်တင်ဘာ ၅၊ ၂၀၂၅။
မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ ဘာသာစကားသင်တန်းကျောင်းက ကျောင်းသား ၁၃ ဦးအပါအဝင် စုစုပေါင်း လူငယ် ၁၆ ဦးကို စက်တင်ဘာ ၄ ရက်နေ့လယ် ၃ နာရီဝန်းကျင်မှာ စစ်ကော်မရှင်တပ်ကဖမ်းဆီးသွားခဲ့တယ်လို့ ချောက်မြို့ခံတွေဆီက သိရပါတယ်။
ချောက်မြို့၊ အမှတ် ၁၅၊ တိုးချဲ့ရပ်ကွက်ရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်းက အသက် ၂၀ အရွယ် သင်တန်းသား ၁၃ ဦးနဲ့ တရပ်ကွက်တည်းရှိ ‘ကော်နာ’ စားသောက်ဆိုင်မှာအလုပ်လုပ်နေတဲ့ လူငယ်အမျိုးသား ၃ ဦးတို့ကို တချိန်တည်း ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“မနေ့က တိုးချဲ့ရပ်ကွက် GTI ကျောင်းနားလေးက ကိုရီးယားဘာသာသင်တန်းကျောင်း ဖွင့်ထားတာ၊ ဘော်ဒါပုံစံမျိုး ဖွင့်ထားတာရှိတယ်၊ နယ်ကလူတွေ ရွာကလူတွေ တက်နေတဲ့ကလေးတွေရှိတယ်၊ အဲ့ဒီက ကလေး ၁၃ ဦး ပါသွားတယ်၊ ကလေးတွေလို့ပဲ သိရတယ်၊ အသက်တော့မသိရဘူး၊ သင်တန်းတက်နေတဲ့ ကလေးတွေဆိုတော့ ငယ်ဦးမှာပါ၊” လို့ ချောက်မြို့ခံတဦးက ပြောပါတယ်။
ခုလိုဝင်ရောက်ဖမ်းဆီးသူတွေဟာ ပျူစောထီးတွေနဲ့ လုံခြုံရေးနှင့်သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ (လနစ) ကတပ်ဖွဲ့ဝင်တွေဖြစ်နိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းပါတယ်။
“ဝါဇီတပ်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်မယ်၊ မနေ့က GTI တက်နေတဲ့ ကျောင်းသားတွေကိုလည်း ဆိုင်ကယ်တူးဘောက်တွေလှန်ကြည့်ပြီး ကျောင်းတက်တာ ဘယ်နှစ်နှစ်ရှိပြီတုန်းဆိုပြီး စစ်ဆေးတာတွေလည်းရှိတယ်” လို့ ချောက်မြို့ခံတဦးက ပြောပါတယ်။
သင်တန်းကျောင်းက လူငယ် ၁၃ ဦးဟာ စလင်းမြို့နယ်၊ ရေပေါ်ကျွန်းရွာနဲ့ လက်ပံကျွန်းကျေးရွာကဖြစ်ပြီး ကော်နာစားသောက်ဆိုင်က အလုပ်သမားလူငယ် ၃ ဦးတော့ ချောက်မြို့ခံတွေဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာဖမ်းဆီးခံရသူအားလုံးကို ချောက်မြို့မရဲစခန်းမှာချုပ်နှောင်ထားပြီး ဖမ်းခံရသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။
ခုလိုစစ်ကော်မရှင်တပ်တွေရဲ့ စီးနင်းဖမ်းဆီးမှုတွေရှိနေတာကြောင့် ဒေသခံတွေအနေနဲ့လည်း ည ၈ နာရီထိုးတာ နေအိမ်ပြင်မထွက်ရဲဘဲ အသွားအလာနည်းသွားကြတယ်လို့ သိရပါတယ်။
ချောက်မြို့ပေါ်မှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက မကြာခဏပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီး ဩဂုတ် ၂၇ ရက်ကလည်း ချောက်မြို့ပေါ်ရှိ ဖုန်းဆိုင်တွေက ဝန်ထမ်းလူငယ်တွေကို စစ်ကော်မရှင်အဖွဲ့တွေက ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း