ဂန့်ဂေါ၊ မေ ၁၃၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာကို စစ်ကောင်စီတပ်တွေဝင်စီးပြီး ဖမ်းဆီးသွားသူတွေအနက် ၁၁ ဦးပြန်လွတ်လာပြီလို့ ရွာခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားသူတွေထဲက အမျိုးသမီး ၁၁ ဦးကို မေ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာပင် ပြန်လွှတ်ပေးလိုက်ပြီး ကျန်သူတွေကို ဆက်ဖမ်းထားတယ်လို့ ဆိုပါတယ်။
“မနေ့က အမတ ၃၇၁ အရောက်မှာ မိန်းကလေးတွေကြီးဘဲ ပြန်လွှတ်လိုက်တာ။ ယောကျ်ားလေး ၁၁ ယောက်နဲ့မိန်းကလေး ၂ ယောက်ကျန်သေးတယ်။ ပြန်လွတ်လာသူတွေက ရိုက်နှက်ထားတာ ထုထားတာမရှိဘူး။ “လို့ ရွာခံတဦးကပြောပါတယ်။
ပြန်လွတ်လာတဲ့ အမျိုးသမီးတွေထဲမှာ အသက် ၂၀ ကနေ ၆၀ ကျော်အရွယ်တွေထိပါဝင်ပြီးကလေးမိခင်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ဆက်လက်ဖမ်းဆီးထားတဲ့ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၂ ဦးထဲမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသား ၄ ဦးပါဝင်ပြီး သူတို့ကိုတော့ အမတ ၃၇၁ ကနေ ခလရ ၅၀ထဲကို ခေါ်ဆောင်သွားပြီး မေ ၁၃ ရက်နေ့ထိပြန်လွတ်မလာကြသေးဘူးလို့ဆိုပါတယ်။
မေ ၁၂ ရက်မနက် ၂ နာရီခန့်မှာ ဂန့်ဂေါ ခလရ ၅၀ က လာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းဟာ ကျေးရွာစာသင်ကျောင်းအနီးစခန်းချထားတဲ့ ပကဖစခန်းကိုဝင်စီးပြီး ကျေးရွာပကဖ တပ်ဖွဲ့၀င် ၇ ဦး၊ စခန်းမှာညလာအိပ်တဲ့ ကျောင်းသား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာခံတွေဖြစ်တဲ့ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၃ ဦးကို ဖမ်းဆီးသွားကာ ကျေးရွာပကဖ စခန်းထဲက သေနတ် ၁၇ လက်အပါအဝင် ဆက်စပ်ပစ္စည်းတွေကိုလည်းသိမ်းဆည်းသွားခဲ့ပါတယ်။
အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၈၀၀ ကျော်နေထိုင်တဲ့ လယ်မကျေးရွာဟာ အမတ ၃၇၁ နဲ့ ၃ မိုင်ကျော်၊ ခလရ ၅၀ နဲ့ ၅ မိုင်ကျော်သာကွာဝေးလို့ စစ်ကြောင်းထပ်ထိုးခံရမှာ ကြောက်ပြီး ရွာခံအများစုထွက်ပြေးနေရာ မေ ၁၃ ရက်ထိ ကျေးရွာကိုမပြန်ကြသေးဘူးလို့ ရွာခံတဦးကပြောပါတယ်။
စစ်ကောင်စီသတ်ဖြတ်ခဲ့တဲ့ ပကဖအဖွဲ့ဝင်တွေနဲ့ ကျောင်းသားတွေရဲ့ အလောင်းတွေကိုတော့ ရွာခံအချို့က နေ့ချင်းပဲ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
စာတည်း – လင်း