မြေလတ်အသံ၊ ဇူလိုင် ၂၂၊ ၂၀၂၅။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းက ကန်တုပ်စခန်းနဲ့ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်း အနီးက စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး လက်နက်၊ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဇူလိုင် ၂၁ ရက်မှာ SF/SAF ကထုတ်ပြန်ပါတယ်။
စစ်အင်အား ၃၀ ကျော်ရှိတဲ့ ကန်တုပ်စခန်းကို ဇွန် ၁၀ ရက်မှာ စီးနင်းတိုက်ခိုက်တာဖြစ်ပြီး နတ်ရေကန်စခန်းအနီးရှိ ပဇီရွာအနီးကစစ်ကြောင်းကိုတော့ မေ ၁၄ ရက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပဇီရွာနားက စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်တာမှာတော့ ရန်သူဖက်က မျက်မြင် ၁ ဦးသေဆုံး ပြီးတော့ ၄ ဦးဒဏ်ရာရတာရှိတယ်။ ကန်တုပ်စခန်းကိုတိုက်တဲ့အခါမှာတော့ ရန်သူ့ဖက်က ၉ ယောက်၊ ၁၀ ယောက်လောက်တော့ကျတယ်လို့ အတွင်းသတင်းအရသိရတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ သေချာအတည်မပြုနိုင်ပါ” လို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) မှ အထွေထွေအတွင်းရေးမှူး-၂ ကိုနွေညိမ်းက ပြောပါတယ်။
ငဖဲမြို့နယ်၊ ပဇီရွာအနီးတိုက်ပွဲကို SF/SAF နဲ့ CDF- Asho တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း MA-1 ၁လက်၊ ကျည်ဘောက် ၄ ဘောက်၊ ကျည်ကာဦးထုပ် ၁ လုံး၊ equipment ၁ စုံနဲ့ ၅.၅၆ ကျည် ၈၄ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကိုနွေညိမ်းက ဆိုပါတယ်။
အထက်မင်းလှမြို့နယ်က ကန်တုပ်စခန်းမှာ ပုသိမ်-မုံရွာလမ်းမပေါ်မှာတည်ရှိပြီး နတ်ရေကန် ဗျူဟာကုန်းစခန်းရဲ့အရှေ့ဖက် ၃၀ ကီလိုမီတာကွာဝေးကာ ငဖဲမြို့ နယ်၊ ပဇီကျေးရွာကတော့ နတ်ရေကန် ဗျူဟာကုန်းရဲ့အရှေ့မြောက်ဘက် ၅ ကီလိုမီတာမှာတည်ရှိတာပါ။
လက်ရှိမှာ စစ်ကောင်စီတပ်က ပဇီရွာနဲ့ ဂုတ်ကြီးကျေးရွာအနီးက နေရာတွေမှာ နတ်ရေကန် ဗျူဟာကုန်းစခန်းအတွက် ကာကင်းစခန်းအနေနဲ့ စစ်အင်အားဖြည့်တင်းတာ၊ နေရာယူနေတာတွေရှိနေပြီး ကန်တုပ်ရွာမှာတော့ နေအိမ် ၂၀ ကိုမီးရှို့ကာ စခန်းလုံခြုံရေးအတွက်ဆိုပြီး ရွာခံပြည်သူတွေကို ရွာကနေအတင်းနှင်ထုတ်တာတွေပြုလုပ်နေတယ်လို့ ကိုနွေညိမ်းကပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၈ ရက်မှာ စစ်ကောင်စီတပ်က စစ်အင်အား ၂၀၀ ကျော်နဲ့ ပုသိမ်-မုံရွာလမ်းအနီးရှိ ငဖဲမြို့နယ်၊ ကျောက်ဆုံကျေးရွာကို စစ်ကြောင်းထိုးကာ နေအိမ် ၇ လုံးကို မီးရှို့ပြီး အသက် ၂၅ နှစ်အရွယ်အမျိုးသမီး ၁ ဦးနဲ့ အသက် ၄၀ အ ရွယ် အမျိုးသား ၁ ဦးကို သတ်ဖြတ်ကာ နေအိမ်တွေနဲ့ အတူ မီးရှို့ထားခဲ့တယ်လို့ ကိုနွေညိမ်းက ဆိုပါတယ်။
အထက်မင်းလှ၊ ပဒါန်းနဲ့ ငဖဲမြို့နယ်အနီးရှိ ပုသိမ်-မုံရွာလမ်းမကြီးတလျောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ တောက်လျောက်လုပ်ဆောင်နေတဲ့အတွက် ဇူလိုင် ၂၂ ရက်ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ပွားလျှက်ရှိနေတယ်လို့သိရပါတယ်။
စာတည်း – လင်း ၊ တည်းဖြတ် – HP