မင်းလှ၊ မေ ၂၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်၊ ပဲခူးရိုးမတနေရာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲနေရာကို နယ်မြေရှင်းလင်းရေးလုပ်ချိန် ပုပ်နံ့ထွက်နေတဲ့ စစ်ကောင်စီတပ်သား ၄ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ မေ ၂၄ ရက်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ပါတယ်။
အဲဒီရုပ်အလောင်း ၄ လောင်းကို မေ ၂၄ ရက် မနက် ၈ နာရီကျော်က ပဲခူးရိုးမထဲရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဟိုင်းယုလမ်းဆုံနဲ့ ပျဉ်ကတိုးခင်းရွာကြားက တရုတ်ပေါက်၊ ကျောက်ကုန်းနေရာအနီးမှာ ရှင်းလင်းရေးလုပ်ချိန် မြေကျင်းတခုတည်း စုပြုံမြှုပ်ထားတဲ့ အလောင်း ၃ လောင်းနဲ့ ချောက်ထဲမှာစွန့်ပစ်ထားတဲ့ အလောင်း ၁ လောင်းတို့ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီထဲမှာ ခလရ ၁ တပ်က တပ်ကြပ်ကြီး ဝင်းဦး လည်း ပါဝင်တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ တပ်ဖွဲ့၀င် ရိုးမမြေက ပြောပါတယ်။


“ခုမနက် နယ်မြေရှင်းလင်းရေးလုပ်တော့ တိုက်ပွဲဖြစ်တဲ့နားမှာ သွေးအိုင်တွေတွေ့တယ်။ နောက်ပြီးပုပ်စော်တွေလည်း တော်တော်နံတယ်။ အဲ့လိိုနဲ့ စခအင်္ကျီစထွက်နေတာတွေ့လို့ ဆွဲလည်းကြည့်ရော ***အလောင်း ၁ လောင်း အရင်တွေ့တယ်။ တွေ့တဲ့ မသာအလောင်းကို အပေါ်ဆွဲတင်တော့ အောက်မှာမသာ ၂ လောင်းပါ မြှုပ်ထားတာတွေ့တာပေါ့။ အဲ့ ၁ ကျင်းထဲတင် ၃ လောင်းတွေ့တယ်။ ထပ်ရှာတော့ အဲ့နားကချောက်ထဲမှာ မသာ ၁ လောင်းမြင်ရပါတယ်။” လို့ ပြောပါတယ်။
နယ်မြေရှင်းရေးအတွင်း ရုပ်အလောင်း ၄ လောင်းအပြင် ၆၆ တပ်မတံဆိပ်ပါ စစ်ယူနီဖောင်းအင်္ကျီနဲ့ စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုပါ သိမ်းဆည်းရရှိခဲ့တာကြောင့် သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ ကဖြစ်တယ်ဆိုတာ အတည်ပြုခဲ့တာလို့ ရိုးမမြေကဆိုပါတယ်။
အဆိုပါတိုက်ပွဲမှာ မေ ၂၂ ရက် ည ၁၁ နာရီက ပဲခူးရိုးမထဲရှိ ခါချဉ်တောင်ပေါ်ကို စိန်ကန့်လန့် -မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း ခြေလျင်တက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဟိုင်းယုလမ်းဆုံနဲ့ပျဉ်က တိုးခင်းရွာကြားက တရုတ်ပေါက် ကျောက်ကုန်းအနီးမှာ ၁ နာရီကြာဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အထိအခိုက်၊ အကျအဆုံးများလာတာကြောင့် ဘန့်ဘွေးကုန်းကျေးရွာကို ပြန်ဆုတ်သွားခဲ့ပြီးနောက် မေ ၂၃ ရက်မနက် ၅ နာရီကျော်အရောက်မှာတော့ တိုက်ပွဲနေရာကို တန်ပြန်စစ်ကြောင်းထိုးလာခဲ့ရာ ၁၅ မိနစ်ခန့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အထက်ပါစစ်ကြောင်းဟာ ဘန့်ဘွေးကုန်းကျေးရွာအတွင်း တပ်စွဲနေပြီး ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ဘေးပတ်ဝန်းကျင်ကို ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စာတည်း – လင်း